ပလက်ဝတွင် ရာအိမ်မှူးတစ်ဦးကို မြန်မာစစ်တပ်က ထပ်မံဖမ်းဆီး၊ နှစ်လအတွင်း ၃ ဦးရှိပြီ

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် စစ်ရေးတင်းမာမှုရှိနေသည့် ပလက်ဝမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်က ဒေသခံများကို မကြာခဏ ဖမ်းဆီးမှုများရှိနေပြီး ဇွန်လ ၈ ရက်နေ့ကလည်း ရာအိမ်မှူးတစ်ဦး ထပ်မံဖမ်းဆီးခံလိုက်ရသည်။

10 Jun 2022

DMG ၊ ဇွန် ၁၀

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် စစ်ရေးတင်းမာမှုရှိနေသည့် ပလက်ဝမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်က ဒေသခံများကို မကြာခဏ ဖမ်းဆီးမှုများရှိနေပြီး ဇွန်လ ၈ ရက်နေ့ကလည်း ရာအိမ်မှူးတစ်ဦး ထပ်မံဖမ်းဆီးခံလိုက်ရသည်။

ဖမ်းဆီးခံရသူမှာ ပလက်ဝမြို့နယ်၊ မြို့မရပ်ကွက်မှ အသက် ၆၀ အရွယ် ဦးမောင်ဝင်း ဆိုသူဖြစ်ပြီး ည ၇ နာရီခန့်အချိန်တွင် မြန်မာစစ်တပ်က လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သမီးဖြစ်သူ မနွယ်နွယ်သိန်းက ပြောသည်။

“ကျမအဖေနဲ့ နောက်တယောက်ကို မြို့မဘုန်းကြီးကျောင်းကို ခဏလာခဲ့ဆိုပြီး ၇ နာရီကျော်လောက်မှာ ဖုန်းဆက်လာတယ်။ နောက်တယောက်က ငါးရှာသွားတော့ ကျမအဖေက ဘာပြောစရာရှိလို့လဲမသိဘူးဆိုပြီး သွားတယ်။ အိမ်ပြင်ရောက်တော့ သူတို့မှာကားပါလာပြီးသား။ တခါတည်းတင်ခေါ်သွားတာ။ ကျမတို့ သိသိချင်းလိုက်သွားတော့ ကျောင်းမှာမရှိတော့ဘူး" ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဦးမောင်ဝင်းကို ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ တပ်ရင်း၌ ဖမ်းဆီးထိန်းသိမ်းကြောင်း သိရသဖြင့် တွေ့ခွင့်ရရန် မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးအား အကူအညီသွားရောက်တောင်းခံခဲ့သော်လည်း တစုံတရာ ပြန်လည်ပြောဆိုခြင်းမရှိဟု သမီးဖြစ်သူက ဆက်ပြောသည်။

“အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ဖမ်းတာလို့တော့ သိရတယ်။ ကျမအဖေက ဘာအဖွဲ့နဲ့မှပတ်သက်မှုမရှိဘူး။ အဖေနဲ့တွေ့ဖို့အတွက် အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်လည်း စက်ပိတ်ထားတယ်။ လူချင်းသွားတွေ့လည်း တခွန်းမှပြန်မပြောဘူး။ ဆရာတော်နဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရင်းနှီးတော့ ဆရာတော်ကိုတဆင့်ခံပြောပေးဖို့ အကူညီတောင်းထားရတယ်။ ဘာသတင်းမှမရတော့ အရမ်းစိတ်ပူနေပြီ" ဟု မနွယ်နွယ်သိန်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းအား DMG က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ကလည်း ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ အသက် ၅၇ နှစ်အရွယ် ဦးမောင်မဲကျော့ကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးသွားသည်။ ထို့ပြင် မေလ ၂၆ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ အုပ်ချုပ်ရေးမှူးကို မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်။ ၎င်းတို့သည် လက်ရှိ အချိန်ထိ မိသားစုနှင့်တွေ့ခွင့်မရသေးပေ။

ရခိုင်ပြည်အတွင်းမှာလည်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာနေပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့က မောင်တောမြို့နယ် မီးတိုက်ကျေးရွာအနီးတွင် တစ်ကြိမ်၊ မေလအတွင်းက ကျောက်တော်မြို့နယ်တွင် တစ်ကြိမ်နှင့် မြေပုံမြို့နယ်တို့တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဧပြီလ သင်္ကြန်မတိုင်မီကလည်း မြေပုံမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ ယင်းအပြင် ပလက်ဝမြို့နယ် သံထောင်ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ပြီးခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းမှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၂၀ နိုဝင်ဘာလ ပထမပတ်တွင် နားလည်မှုသဘောဖြင့် အပစ်ရပ်စဲခဲ့သည်။ သို့သော်လည်း ယခုနှစ်သစ်မှ စတင်ကာ တိုက်ပွဲ ရံဖန်ရံခါဖြစ်ပွားမှုရှိလာပြီး နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိနေသည်။

ဒေသခံ ရခိုင်ပြည်သူများနှင့် အခြားသော တိုင်းရင်းသားများက တိုက်ပွဲပြင်းပြင်းထန်ထန် ပြန်ဖြစ်ပွားလာမည် စိုးရိမ်နေကြပြီး အထူးသဖြင့် လက်ရှိ စစ်ဘေးရှောင်များက အထူးစိုးရိမ်နေကြသည်။

တိုက်ပွဲရပ်တန့်နေသည့်ကာလတွင် ရက္ခိုင့်တပ်တော်သည် ပြည်နယ်တွင်း သြဇာကြီးမားလာအောင်ပြုလုပ်လျက်ရှိကာ တရားစီရင်ရေး၊ အုပ်ချုပ်ရေးကိစ္စတို့ကို ဆောင်ရွက်နေသည်။ တစ်ဖက်တွင်လည်း မြန်မာစစ်တပ်က AA ၏ ထိုသို့ လုပ်ဆောင်ချက်များကို မကြိုက်နှစ်သက်သောကြောင့် တစ်ရွာဝင် တစ်ရွာထွက် လှည့်လည်ကာ AA နှင့် မပက်သက်ရန် သတိပေးမှုများရှိနေသည်။

လက်ရှိတွင် မြန်မာစစ်တပ်က AA ၏ တရားစီရင်ရေး၊ အုပ်ချုပ်ရေးကိစ္စများကို နှောင့်ယှက်နေသောကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု AA က ဆိုထားသည်။ ထို့ပြင် မြန်မာစစ်တပ်ဘက်ကလည်း ပြဿနာတစ်စုံတစ်ရာဖြစ်ပွားလာလျှင် မိမိတို့ကို အဆိုးမဆိုရန် တုန့်ပြန်ထားသည်။

ဗီဒီယိုများ