ပလက်ဝမြို့မှ ဒေသခံလေးဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွား

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ဒေသခံလေးဦးကို အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ကျော်အချိန်၌ တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။

By အောင်ထိန် 14 Oct 2020

အောင်ထိန် | DMG
အောက်တိုဘာ ၁၄ ၊ စစ်တွေ

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ဒေသခံလေးဦးကို အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ကျော်အချိန်၌ တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများမှာ ဦးမောင်ဝင်း (၅၂)နှစ်၊ ဦးဇော်ဇော်ဦး (၃၅)နှစ်၊ ကိုဇင်မင်းဖြိုး(၂၃)နှစ်နှင့် ကိုနေဇော်ထက်(၂၇)နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့လေးဦးသည် ယမန်နေ့ညနေပိုင်းက ပလက်ဝမြို့နယ် ရေတံခွန်ကျေးရွာဘက်၌ စားသောက်ကုန်ပစ္စည်း သယ်ယူရန် အငှားလိုက်စဉ် တပ်မတော်စစ်ကြောင်းတစ်ခုနှင့်တွေ့၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူထဲမှ ကိုနေဇော်ထက်၏ ယောက်ခမဖြစ်သူ ဒေါ်မထွေးက ပြောသည်။

“ကျွန်မ သမက်မှာ သုံးလအရွယ် ကလေးတစ်ယောက်ရှိတယ်။ ကလေးအမေက နို့မထွက်တာကြောင့် နို့မုန့် ဝယ်ဖို့ပိုက်ဆံလိုလို့ အငှားလိုက်ဖို့သွားတာ။ ကျွန်မတို့က ဆင်းရဲတယ်။ ကျွန်မတို့လည်း ဘာလုပ်ရမှန်း မသိတော့ဘူး။ ကျွန်မ သမက်ကို ကောင်းကောင်းမွန်မွန်နဲ့ ပြန်လွှတ်ပေးစေချင်တယ်” ဟု ဒေါ်မထွေးက ပြောသည်။

ဖမ်းဆီးခံရသူလေးဦးကို ယမန်နေ့ညဉ့်အချိန်တွင် ပလက်ဝမြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့သော်လည်း ယနေ့ နံနက်ပိုင်း ၁၀ နာရီခွဲအချိန်တွင် တပ်မတော်သားများက ပလက်ဝမြို့ရှိ အမှတ် (၂၈၉) ခလရတပ်ရင်းကို ပြန်လည် ခေါ်ဆောင်သွားကြောင်း ပလက်ဝမြို့နယ်ရဲခစန်းမှ စခန်းမှူး ဒုရဲမှူးဝင်းလွင်ထံမှ သိရသည်။

အောက်တိုဘာ ၁၃ ရက် ညနေပိုင်းအချိန်တွင် တပ်မတော်က လုံခြုံရေးဆောင်ရွက်ရန်သွားကြစဉ် အရက်ပုံးများ ခိုးသယ်ဆောင်နေသူများကိုတွေ့သဖြင့် တပ်မတော်သားများက ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“တပ်မမှူးဆီ ခေါ်သွားတာ။ တပ်မမှူးက နည်းနည်းပါးပါးတော့ မေးမှာပေါ့။ မေးလို့စမ်းလို့ပြီးရင်တော့ သူတို့ ကယ်ရီသယ်တာ မှန်ကန်လို့ရှိရင်တော့ အရေးယူဖို့မရှိပါဘူး။ နည်းနည်းမေးစမ်းလို့ပြီးရင်တော့ ပြန်လွှတ်မှာပါ၊ အရေးယူမယ့်ပုံ မပေါ်ပါဘူး” ဟု ဒုရဲမှူးဝင်းလွင်ကဆိုသည်။

အလားတူ စက်တင်ဘာလ ၂၅ ရက်နေ့လည်း အဆိုပါ မြို့မရပ်ကွက်မှ ကိုထွန်းလင်းဇော်(၂၉)နှစ်နှင့် ၎င်း၏ ယောက်ဖဖြစ်သူ ကိုစိုးကျော်လင်း(၁၇)နှစ်တို့နှစ်ဦးမှာ စိမ်းစင်းရွာဘက်သို့ တံတား‌ဆောက်လုပ်ရန် ဆိုင်ကယ် အတူစီး၍သွားစဉ် လောင်ကဒူကျေးရွာအနီး၌ တပ်မတော်သားများထံ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစု ဝင်များကပြောသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးမှာ ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)(ခ) ဖြင့် အမှုဖွင့်ထားကြောင်း ပလက်ဝမြို့မရဲစခန်းမှ သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်းလမ်း၊ ရေလမ်းခရီးသွားလာမှုကို ပိတ်ပင်ထားသည့်အတွက် ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ဗီဒီယိုများ