ပလက်ဝမြို့နယ်တွင် လက်နက်ကြီးကျရောက်မှုကြောင့် လူလေးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် လူလေးဦးသေဆုံးသွားကာ ခြောက်ဦးဒဏ်ရာရရှိသွားသည်ဟု စစ်ဘေးဒုက္ခသည်များကို ကူညီနေသည့် အဖွဲ့အစည်းများထံက သိရသည်။

By ဝင်းညွန့် 23 Apr 2020

ဝင်းညွန့် | DMG
ဧပြီ ၂၃ ၊ စစ်တွေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် လူလေးဦးသေဆုံးသွားကာ ခြောက်ဦးဒဏ်ရာရရှိသွားသည်ဟု စစ်ဘေးဒုက္ခသည်များကို ကူညီနေသည့် အဖွဲ့အစည်းများထံက သိရသည်။

မီးလက်ဝကျေးရွာနှင့် ရှင်ဝကျေးရွာအနီးတို့တွင် နံနက်ပိုင်းကစတင်ကာ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ သည်ဟု ဒေသခံများက ဆိုသည်။ တိုက်ပွဲ ဖြစ်ပွားရာမှ လက်နက်ကြီးကျည်ကျရောက်သဖြင့် အရပ်သား များထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထိုက်က DMG သို့ပြောသည်။

ပလက်ဝမြို့၊ မြန်မာ့စီးပွားရေးဘဏ်၏ အနောက်ဘက်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သဖြင့် ဘဏ်ဝန်ထမ်းများဖြစ်သည့် ဦးကျော်စွာထိုက်(ငွေကိုင်)၏ ဇနီး ဒေါ်အေးသန္တာ(အသက် ၂၅ နှစ်)၊ သမီးဖြစ်သူ မလဲ့လဲ့ (အသက် ၄ နှစ်)နှင့် ဦးသိန်းနိုင် (ညစောင့်)၏သား မောင်လူအေး( အသက် ၂၂ နှစ်) တို့ သေဆုံးသွားသည်။ ထို့ပြင် ဦးလှသိန်းမောင် (ကြီးကြပ်ရေးမှူး)နှင့် ဦးလောဟာတင့် (ဒုတိယကြီးကြပ်ရေးမှူး) တို့မှာ ပြင်းထန်ဒဏ်ရာများရရှိသွားသည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

“လက်နက်ကြီးကျည်ကျတာက မြန်မာ့စီးပွားရေးဘဏ်နောက်က ဝန်ထမ်းအိမ်ယာကို လာကျတာ။ တိုက်ပွဲဖြစ် နေတော့ ဘယ်အဖွဲ့က ပစ်တာလေဆိုတာတော့ ကျွန်မတို့မသိဘူး” ဟု Relief And Rehabilitation Committee for Chin IDPs (RRCCI) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မမိုင်နန်းဝေက DMG ကိုပြောသည်။

AA သည် ပလက်ဝမြို့၏အနောက်ဘက် မီတာ ၆၀၀ ခန့်အကွာရှိ မြို့ဦးစေတီကုန်း အနီးတစ်ဝိုက်မှ ညနေ ၄ နာရီခန့်တွင် မြို့အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရ၊ သေဆုံးသွားခြင်း ဖြစ်သည်ဟု တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့်မတရားအသင်းအဖြစ် အစိုးရကကြေငြာထားပြီး ဆက်သွယ် မေးမြန်းသည့် သတင်းမီဒီယာများကို အရေးယူမှုရှိနေသောကြောင့် တပ်မတော်၏စွပ်စွဲချက်နှင့်ပတ်သက်ပြီး AA ကို DMG က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

ထို့ပြင် ပလက်ဝမြို့နယ် ရွာမရပ်ကွက်မှ အသက်(၄၉)နှစ်အရွယ် ဒေါ်သန်းသန်းဝင်းလည်း ကျည်ဆံထိမှန် သေဆုံးသွားသည်။ ၎င်းသည် ရွာမရပ်ကွက်မှ သာယာဝဆိပ်ကမ်းသို့ ဟင်းခူးသွားစဉ် သေဆုံးသွားခြင်းဖြစ် သည်။

လက်နက်ကြီးကျည် ကျရောက်မှုကြောင့် မီးလက်ဝရွာမှ အမျိုးသား (၂)နှစ်ဦးနှင့် မဝေဝေလှိုင် (၉ နှစ်)တို့ဒဏ် ရာရရှိသွားကာ ရှင်ဝကျေးရွာမှ အသက် (၂)နှစ်အရွယ် ကလေးတစ်ဦးလည်း ဒဏ်ရာရရှိသွားသည်ဟု ပလက် ဝဒေသခံ ကိုမင်းထွန်းအောင်က ပြောသည်။

ရခိုင်နှင့် ချင်းပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး အရပ်သား သေဆုံး၊ ဒဏ်ရာရရှိမှု အရေအတွက်မှာလည်း မြင့်တက်လာနေသည်။

ဗီဒီယိုများ