ပလက်ဝမြို့မှ ဖမ်းဆီးခံရသည့် လူငယ်ငါးဦးအား စစ်တွေမြို့မရဲစခန်းမှ ပလက်ဝရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်လာ

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံး ၂ လုံး ပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံထားရသည့် လူငယ်ငါးဦးကို ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ ဇူလိုင် ၁၁ ရက်နေ့က စစ်တွေမြို့မရဲစခန်းမှ ပလက်ဝမြို့ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

13 Jul 2021

DMG ၊ ဇူလိုင် ၁၃

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံး ၂ လုံး ပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံထားရသည့် လူငယ်ငါးဦးကို ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ ဇူလိုင် ၁၁ ရက်နေ့က စစ်တွေမြို့မရဲစခန်းမှ ပလက်ဝမြို့ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထိုသို့ဖမ်းဆီးခံရသူများမှာ ပြစ်မှုတစုံတရာကျူးလွန်ထားခြင်းမရှိသည့်အတွက် ပြန်လည်လွတ်မြောက်စေလိုကြောင်း အသက် (၂၈)နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းဖြစ်သည့် အိုက်ထွန်းမင်း၏ ဖခင်ဖြစ်သူ ဦးဦးချစ်သိန်းက DMG သို့ပြောသည်။

“သူတို့ကို မနေ့က စစ်တွေကနေပြီးတော့ ပလက်ဝပြန်ခေါ်လာတယ်။ အခုပလက်ဝအချုပ်ခန်းမှာပါ။ ကျနော့်သားမှာ ဘာမှအပြစ်မရှိဘူး။ သူတို့ကို ပြန်လွှတ်ပေးစေချင်တယ်။ မိသားစုနဲ့တော့ အဆက်သွယ်ရပါတယ်။ သူတို့ကိုဖမ်းတာက ဗုံးပေါက်ကွဲနဲ့ပတ်သက်နေတယ်ဆိုပြီးတော့ ဖမ်းသွားတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသည့် လူငယ်(၅)ဦးမှာ အသက်(၃၀)နှစ်အရွယ် တေးသံရှင်ကိုအိုက်ထွန်းမင်း၊ အသက်(၂၈)နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းဖြစ်သည့် အိုက်ထွန်းမင်း၊ အသက်(၃၁)နှစ်အရွယ် သစ်တောဝန်ထမ်း အိုက်ထွန်းမင်း၊ ဦးရာကျော်နှင့် အောင်ထွန်းစိုးတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားသူများကို ပလက်ဝတရားရုံးတွင် စစ်ဆေးနေကြောင်း ပလက်ဝမြို့မရဲစခန်းမှ ရဲမှူးထွန်းကိုကိုလတ် ကပြောသည်။

“အခုလက်ရှိကတော့ သူတို့ကို ကျနော်တို့ပလက်ဝမြို့နယ်တရားရုံးမှာ မြို့နယ်တရားသူကြီးကစစ်ဆေးနေပါတယ်။ ကျနော်တို့ ရဲအရာရှိတစ်ဦးအနေနဲ့ သူတို့ကိုဖမ်းတယ်။ တရားရုံးမှာတရားစွဲထားတယ်။ မြို့နယ်တရားသူကြီးက အမှုကိုလက်ခံပြီးတော့ စစ်ဆေးနေပါတယ်” ဟု ၎င်းကဆိုသည်။

၎င်းတို့ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ- ၅၀၅ (က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်းသိရပြီး ပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင် ပြစ်ဒဏ်ချမှတ်ခံရလျှင် ထောင်ဒဏ် နှစ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးတွင် ဖော်ပြပါရှိသည်။

ဗီဒီယိုများ