ပလက်ဝဒေသခံ ၆ ဦးကို AA က ဖမ်းဆီးထိန်းသိမ်းထား

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံ ၆ ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက အတည်ပြုပြောဆိုသည်။

13 Jul 2022

ပလက်ဝမြို့အားတွေ့ရစဉ်။ photo - Google map

DMG ၊ ဇူလိုင် ၁၃

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံ ၆ ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက အတည်ပြုပြောဆိုသည်။

“ကျွန်တော်ဖက်က ထိန်းသိမ်းထားတာတော့ ၆ ယောက်ပဲရှိတယ်။ သူတို့ပြောသလို ၁၅ ယောက်မဟုတ်ဘူး၊ ၆ ယောက်ပဲရှိတယ်။ အဲဒီထိန်းသိမ်းထားတဲ့ ၆ ယောက်ကိုလည်း ကျွန်တော်တို့က လူမျိုးရေး၊ ဘာသာရေးမတူတဲ့အပေါ် ဖမ်းဆီးတာမျိုးမဟုတ်ဘူး။ ရန်သူကိုသတင်းပေးလို့ သူရဲ့ပြစ်မှုကျူးလွန်မှုအပေါ်မှာ ထိန်းသိမ်းထားတာဖြစ်တယ်”ဟု ဦးခိုင်သုခက DMG ကို ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း ပလက်ဝဒေသမှ ချင်းလူမျိုး ၁၅ ဦးထက်မနည်းကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားရှိကြောင်း ကြားကာလ ခူမီး(ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(IKACC)က ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် လူအရေအတွက်မှာ များပြားနေပြီး ၆ ဦးကိုသာ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ဦးခိုင်သုခက ဖြေရှင်းချက်ပေးသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၎င်းတို့မှာ သာမန်အရပ်သားများသာဖြစ်ပြီး AA က ခေါ်ယူထိန်းသိမ်း စစ်ဆေးမှုပြုလုပ်ရသည်အထိ ဆောင်ရွက်ရန် လိုအပ်သူများမဟုတ်ကြောင်း”လည်း IKACC ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဆက်လက်ပြီး ထိုထုတ်ပြန်ချက်တွင် “ယခုကဲ့သို့ ချင်းလူမျိုးများအပါအဝင် ဒေသခံပြည်သူများအား AA ဘက်က ခေါ်ယူထိန်းသိမ်းမှု ပြုလုပ်ခြင်းသည် ဒေသအတွင်း အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရာ၌ မလိုလားအပ်သော နားလည်မှုလွဲမှားခြင်းမျိုး ပေါ်ပေါက်လာနိုင်သဖြင့် ၎င်းတို့အား အမြန်ဆုံးလွှတ်ပေးရန် လေးအနက်တိုက်တွန်းကြောင်း”လည်း IKACC က တောင်းဆိုထားသည်။

သို့သော်လည်း ရက္ခိုင့်တပ်တော်(AA)ကတော့ ထိုသို့ဖမ်းဆီးထားသူများမှာ မြန်မာစစ်တပ်ကို သတင်းပေးနေသူများဖြစ်ကြောင်း၊ ဖမ်းဆီးထားသူများ၏အမည်များကို လုံခြုံရေးအရ ထုတ်ဖော်မပြောလိုသေးကြောင်းနှင့် မိသားစုဝင်များအနေဖြင့် လာရောက်တွေ့မည်ဆိုပါက တွေ့နိုင်ကြောင်းလည်း ဦးခိုင်သုခပြောသည်။

“သူတို့ကို ဘာမှစိုးရိမ်စရာမလိုဘူး။ မိသားစုတွေ လာတွေ့မယ်ဆိုရင်လည်း လာတွေ့လို့ရတယ်။ IKACC ခေါင်းဆောင်တွေအနေနဲ့လည်း သူတို့ကို ထိန်းသိမ်းထားတဲ့နေရာတွေကို လာတွေ့မယ်ဆိုရင်တွေ့လို့ရတယ်။ ဘာမှပြဿနာမရှိဘူး။ အခုထိန်းသိမ်းထားတဲ့အထဲမှာ ရခိုင်လူမျိုး။ လင်မယားနှစ်ယောက်လည်း ပါတယ်။ ခူမီးလူမျိုးတစ်ခုတည်းမဟုတ်ဘူး”ဟု ဦးခိုင်သုခက ရှင်းပြသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများ၏ အမည်၊ စာရင်း၊ နေရပ် အသေးစိတ်အချက်အလက်များနှင့် မိသားစုဝင်များကို မေးမြန်းနိုင်ရေးအတွက် DMG က စုံစမ်းနေဆဲဖြစ်သည်။

ပလက်ဝဒေသသည် မြန်မာစစ်တပ်နှင့် AA တို့အကြား စစ်ရေးတင်းမာမှုများရှိနေပြီး ပြီးခဲ့သည်ဇွန်လကလည်း အဘောင်သားကျေးရွာအနီးတွင် ၎င်းတို့အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

တိုက်ပွဲဖြစ်စဉ်များနှင့်ဆက်စပ်ပြီး မြန်မာစစ်တပ်က ဒေသခံနှင့် အုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးထားခြင်းများရှိသလို AA ဘက်ကလည်း မြန်မာစစ်တပ်ကို သတင်းပေးသည်ဟုဆိုကာ ဒေသခံများကို ဖမ်းဆီးမှုများရှိနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က ချင်းပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမတ် ဦးဝှေ့တင်းကို ကုလားတန်မြစ်ကြောင်းအတွင်းတွင် AA ကဖမ်းဆီးခဲ့ပြီး နှစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၂၁)ရက်နေ့က ပလက်ဝမြို့နယ်တွင် AA က ပြန်လွှတ်ပေးခဲ့သည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၉ မတ်လ ၃၀ ရက်နေ့ကလည်း မြန်မာ-အိန္ဒိယ ကုလားတန်စီမံကိန်း လမ်းပိုင်းလုပ်နေသည့် ဆုထူးစံဆောက်လုပ်ရေးကုမ္ပဏီနှင့် နန်းမှန်သစ္စာကုမ္ပဏီတို့မှ ဝန်ထမ်း ၉ ဦးကို AA ကဖမ်းဆီးခဲ့ပြီးနောက် ၂၀၁၉ သြဂုတ်လတွင် ပြန်လွှတ်ပေးခဲ့မှုများ ရှိခဲ့သည်။

ဗီဒီယိုများ