ပလက်ဝနှင့် ရသေ့တောင်မြို့နယ်မှ AA စခန်းအချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်ထုတ်ပြန်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တို့မှ AA ခြေကုပ်စခန်းအချို့ကို တပ်မတော်မှ သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

By ကျော်သူဌေး 02 Jun 2020

ကျော်သူဌေး | DMG
ဇွန် ၂ ၊ စစ်တွေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တို့မှ AA ခြေကုပ်စခန်းအချို့ကို တပ်မတော်မှ သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ပလက်ဝမြို့အနီးရှိ AA ၏ ခြေကုပ်ယူထားသည့် ပွိုင့်-၆၀၂ ၊ ပွိုင့်-၅၆၅ ၊ ပွိုင့်-၅၄၀ တောင်ကုန်းနေရာများနှင့် ကာကင်းစခန်း ၄ ခုတို့အား တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းနေရာများအား မေလ ၂၄ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ မေလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။

ဖြစ်စဉ်တွင် AA ထံမှ အလောင်း၊ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ပလက်ဝမြို့နယ်ရှိ ဒဏ်ရာရလူနာများ ဆေးကုနေသည့် စခန်းငယ်တစ်ခုနှင့် ကာကင်းစခန်းငယ်တစ်ခုကို တပ်မတော်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ဆုံးရှုံးခဲ့ရကြောင်း AA က မေလ ၂၅ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

ယင်းအပြင် တပ်မတော်မှ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေပြင်တပ်များ ထိုးစစ်ဆင်ပူးပေါင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရလူနာများကိုဆေးကုသနေသည့် စခန်းငယ်မှစွန့်ခွာခဲ့ရပြီး ဒဏ်ရာရလူနာ တချို့လည်းသတ်ဖြတ်ခံခဲ့ရကြောင်း AA ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

တပ်မတော်က သိမ်းပိုက်ရရှိခဲ့သည်ဆိုသည့် ပွိုင့်-၆၀၂ ၊ ပွိုင့်-၅၆၅ ၊ ပွိုင့်-၅၄၀ တောင်ကုန်းနေရာများနှင့် ကာကင်းစခန်း ၄ ခုတို့နှင့်ပတ်သက်ပြီး AA မှ ယနေ့ဇွန်လ ၁ ရက်နေ့ ညနေပိုင်းအထိ ထပ်မံထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ်အတွင်းရှိ သဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်းအား AA မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၆ ဦးကို ယနေ့အချိန်ထိ ဖမ်းဆီးထားသည်။

ပလက်ဝမြိုနယ်အတွင်းရှိ ဒဏ်ရာရလူနာများကိုဆေးကုသပေးနေသည့် စခန်းငယ်တိုက်ခိုက်ခံရပြီး လူနာအချို့ သေဆုံးမှုရှိခဲ့သဖြင့် လက်တုံ့ပြန်သည့်အနေဖြင့် သဇင်မြိုင်ရဲကင်းခစန်းအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း AA က မေလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ သဇင်မြိုင်ရဲကင်းစခန်းတိုက်ခိုက်ခဲ့မှုအား တပ်မတော်စစ်ကြောင်းများက ကုန်းလမ်းတစ်လျှောက် လိုက်လံရှင်းလင်းစဉ် မေ ၃၀ ရက်နံနက်ပိုင်းတွင် သဇင်မြိုင်ရဲစခန်း၏ အနောက်မြောက်ဘက်တွင် AA မှ ယာယီ နေရာယူထားသည့် ပွိုင့်-၇၇ တောင်ကုန်းကိုတွေ့ရှိသဖြင့် လက်နက်ကြီးပစ်ကူရယူ၍တိုက်ခိုက်ခဲ့ရာ ၎င်းတောင်ကုန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်းလည်း တပ်မတော်ကထုတ်ပြန်ထားသည်။

အဆိုပါတောင်ကုန်းနေရာအား ရှင်းလင်းရာတွင် ၁ ယောက်ပစ်ကျင်း ၇၂ ကျင်း၊ ၂ ယောက်အိပ်တဲ ၂၀ လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့တို့ကို တွေ့ရှိခဲ့ကြောင်း တပ်မတော်၏ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်မှ အပစ်ရပ်ကြေငြာရာတွင် ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ ပါဝင်ခြင်းမရှိသဖြင့် ၎င်းနေရာများတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။

ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းခြောက်သောင်းလေးထောင်ကျော်အထိ ရှိနေကာ အဆိုပါဒုက္ခသည်များ မိုးရာသီတွင်အမိုးအကာအောက်ရောက်ရှိနိုင်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးအပါအဝင် ကလေးများ ကောင်းစွာပညာသင်ကြားခွင့်ရရှိရေးတို့မှာ လိုအပ်ချက်များစွာရှိနေကြသည်။

ဗီဒီယိုများ