AA က ဖမ်းဆီးထားသည့် ပလက်ဝဒေသခံ ၄ ဦးထဲမှ ၃ ဦးပြန်လွတ်လာ

ရက္ခိုင်တပ်တော်(AA)က ဖမ်းဆီးထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဒေသခံ ၄ ဦးထဲမှ ၃ ဦးမှာ ယမန်နေ့(သြဂုတ်လ ၂၅)ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

By ဉာဏ်ဟိန်း 26 Aug 2020

ဉာဏ်ဟိန်း | DMG
သြဂုတ် ၂၆ ၊ စစ်တွေ

ရက္ခိုင်တပ်တော်(AA)က ဖမ်းဆီးထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဒေသခံ ၄ ဦးထဲမှ ၃ ဦးမှာ ယမန်နေ့(သြဂုတ်လ ၂၅)ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

၎င်းတို့ ၄ ဦးမှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ကျောက်တော်မြို့ကနေ ပလက်ဝမြို့သို့သွားစဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထိုက်က DMG သို့ ပြောသည်။

“မနေ့က ၃ ယောက် ပြန်လွှတ်လာတယ်။ မနေ့က ညနေလောက်က ပလက်ဝကိုရောက်တယ်။ နောက် အောင်စိုး ဆိုတဲ့ လူငယ်တစ်ယောက်တော့ မပါသေးဘူး။ ဖမ်းဆီးခံရတာကတော့ သူတို့က ရန်ကုန်ကနေပြန်လာတာ။ ကျောက်တော်ကနေ ရေကြောင်းလမ်းသွားလို့မရတော့ လမ်းလျှောက်ပြီးတော့ ပြန်လာကြတာ။ အဲဒီတော့ လမ်းမှာ အဖမ်းခံရတာ”ဟု ၎င်းကရှင်းပြသည်။

ဖမ်းဆီးခံရသူများမှာ ဆလိုင်းအောင်စိုး၊ ဆလိုင်းဘဂျမင်၊ ဆလိုင်းခင်မောင်ထွန်းနှင့် ဆလိုင်းအောင်ထွန်းကို တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ ဖမ်းဆီးခံရသူများထဲမှ ၃ ဦးပြန်လည်လွတ်မြောက်လာသည်မှာ မှန်ကန်ပြီး အသေးစိတ်ကို မသိရှိရ သေးကြောင်း ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ပြောသည်။

“မနေ့က လွတ်လာတာတော့ မှန်ပါတယ်။ အသေးစိတ်ကိုတော့ ကျွန်တော် နယ်ကိုရောက်နေလို့ မသိရသေးပါဘူး။ အဲဒီ ၄ ယောက်ထဲမှာ တစ်ယောက်ကိုတော့ မလွှတ်ပေးသေးဘူး” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသူများထဲမှ ဆလိုင်းအောင်စိုးမှာ ပြန်လွှတ်မြောက်လာခြင်း မရှိသေးကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)မှ ပြောရေးဆိုခွင့်ရှိသူ မမိုင်းနန်းဝေက ပြောသည်။

“သူတို့လွတ်လာတာတော့ မှန်ပါတယ်။ ကျွန်မ သူတို့တွေကို မီဒီယာတွေနဲ့ဆက်သွယ်ဖို့ ကြိုးစားပါသေးတယ်။ ဒါပေမဲ့ သူတို့က မီဒီယာတွေနဲ့ အဆက်အသွယ်မလုပ်ချင်ဘူးလို့ ပြောပါတယ်” ဟု သူမကရှင်းပြသည်။

၎င်းတို့ ၄ ဦးကို ကျောက်တော်မြို့မှ ပလက်ဝသို့ပြန်လာစဉ် င/သရိုင်းကျေးရွာအနီးတွင် AA မှ ဖမ်းဆီးသွား သည်ဟု ဇူလိုင်လ ၃၀ ရက်နေ့က ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)မှ ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ