ပလက်ဝတွင် အိမ်အခွန်နှုန်းထားများအား ယခင်ထက် လေးဆကျော်ကောက်ခံ

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် အိမ်အခွန်နှုန်းထားများအား ပုံမှန်ထက် လေးဆကျော်ကောက်ခံနေကြောင်း မြို့ခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

By မျိုးသီရိကျော် 22 Jul 2020

ဓာတ်ပုံ - Chin World Media

မျိုးသီရိကျော် | DMG
ဇူလိုင် ၂၂ ၊ ပလက်ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် အိမ်အခွန်နှုန်းထားများအား ပုံမှန်ထက် လေးဆကျော်ကောက်ခံနေကြောင်း မြို့ခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

နှစ်စဉ်နှစ်တိုင်း အိမ်အခွန်များကို ဇူလိုင်လတွင် ပုံမှန်ကောက်ခံနေခြင်းဖြစ်သော်လည်း ယခုနှစ်တွင် လေးဆကျော်အထိမြင့်တက်နေခြင်းဖြစ်ကြောင်း မြို့ခံများကဆိုသည်။

ယခင်နှစ်က အိမ်အခွန်များမှာ ပျဉ်ထောင်နှင့် အုတ်တိုက်အိမ်များကို ၄၅၀၀ ကျပ်၊ ဓနိမိုး၊ ကြမ်းခင်းအိမ်များကို ၃၀၀၀ ကျပ်သာ ပေးဆောင်ရသော်လည်း ယခုနှစ်တွင် ပျဉ်ထောင်အိမ်နှင့် တိုက်အိမ်များကို ၁၉၀၀၀  ကျပ်နှင့် ဓနိမိုး၊ ကြမ်းခင်းအိမ်များကို ၁၆၀၀၀  ကျပ်အထိ ပေးနေရကြောင်း ပလက်ဝမြို့မှ ဦးခင်မောင်ဌေးက DMG သို့ ပြောသည်။

“ဘာဖြစ်လို့ဒီလောက်ငွေကို အခွန်ဆောင်ရတာလဲဆိုတော့ စည်ပင်ဝန်ထမ်းတွေက မဖြေနိုင်ကြဘူး။ အုတ်နဲ့ ဆောက်ထားတဲ့ အိမ်သာအတွက်လည်း အခွန်ဆောင်ရတယ်။ တခါမှမကြားဖူးပါဘူး။ အိမ်သာကို ဘာဖြစ်လို့ အခွန်ဆောင်ရတာလည်းဆိုတော့ သဘာဝလေထုညစ်ညမ်းစေတယ်လို့ပြောတယ်။ တစ်ချို့ဒေသခံတွေဆိုရင် မပေးနိုင်လို့စကားများကြတာတွေလည်းရှိတယ် ”ဟု ဦးခင်မောင်ဌေးကဆိုသည်။

နယ်မြေမတည်ငြိမ်သည့် လက်ရှိအချိန်တွင် ယင်းသို့အခွန်များ တိုးမြှင့်ကောက်ခံသည့်အတွက်ကြောင့် ဆင်းရဲသားများ စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်စေသည်ဟုလည်း ၎င်းကဆက်ပြောသည်။

လက်ရှိတွင် ပလက်ဝဒေသသည် တိုက်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး အဆင်မပြေမှုများ ရှိသည့်အတွက် တစ်ခြားမြို့ထက် အခွန်ကင်းလွှတ်ပေးသင့်ကြောင်း ပလက်ဝမြို့မှ ဦးတင်ထွန်းအောင်က ပြောသည်။

“ပလက်ဝမြို့က ဒေသခံတွေဟာ ဒီနေ့ငတ်မှာလား၊ မနက်ဖြန် ငတ်မှာလားဆိုတဲ့ အခြေအနေမျိုးကို ရောက်နေ ကြတာပါ။ အခုလိုမျိုး အခွန်ကိစ္စတွေပါလာတော့ တစ်ပူမှာ နှစ်ပူဆင့်ဖြစ်သွားသလိုပဲ။ အခုကာလမှာ အခွန်ကိစ္စကို လုံးဝ မကောက်သင့်လို့ထင်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ အခွန်များတိုးမြှင့်ကောက်ခံနေသည်ကို ကြားသိရကြောင်း ချင်းပြည်နယ် အမှတ် (၁၂) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ဆိုသည်။

“အခု ပလက်ဝမှာ စည်ပင်ကအခွန်ကောက်တဲ့ဟာ မျှတမှုမရှိဘူးလို့ပြည်သူ့အသံတွေက ထွက်နေကြတယ်၊ နေရာကွက်ကျား ကောက်နေတယ်။ ကျွန်တော်က ဌာနကိုဖုန်းဆက်ပြီး တိကျတဲ့အဖြေကို မေးလိုက်ပါလို့ ပြောလိုက်တယ်။ အခုချိန်ထိတော့ ဒေသခံတွေပြန်ပြီး အကြောင်းပြန်လာတာမရှိသေးပါဘူး” ဟု ၎င်းကဆိုသည်။

ယင်းသို့ အခွန်များကောက်ခံရခြင်းမှာ စည်ပင်ဥပဒေ စည်းမျဉ်းစည်းကမ်းအလိုက် စီမံကိန်းများအပေါ်တွင် မူတည်ပြီး ချင်းပြည်နယ်အစိုးရနှင့် လွှတ်တော်တို့အတည်ပြုချက်ဖြင့် ကောက်ခံရခြင်းဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကဆိုသည်။

“ဒီအခွန်ဟာ တအားများတယ်ဆိုရင်တော့ လာမယ့် ဘဏ္ဍာနှစ်ဘတ်ဂျက်မှာ သုံးသပ်ပြီး ဒါကိုလျှော့ဖိုအတွက် ဆောင်ရွက်သွားမှာပါ။ ပြည်နယ်အစိုးရကိုတင်ပြပြီးတော့မှ လွှတ်တော်မှအတည်ပြုချက်အရ ကောက်ခံရတာပါ။ ဒီအတိုင်းကြီး ကောက်တာမဟုတ်ပါဘူး။ စီမံကိန်းရှိတယ်။ စီမံကိန်းတွေပေါ်မှာ လျာတားချက်တွေလုပ်တယ်။ အဲဒီဟာကို အစည်းအဝေးတွေလုပ်တယ်။ ချင်းပြည်နယ်အစိုးရ အတည်ပြုချက်၊ လွှတ်တော်အတည်ပြုချက်အရ ကောက်ခံတာဖြစ်တယ်” ဟု ဝန်ကြီးဦးစိုးထက်က ဆိုသည်။

လက်ရှိပလက်ဝဒေသတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများရှိနေသည်။

ထို့ကြောင့် စားနပ်ရိက္ခာများ ပုံမှန်ထက်သုံးလေးဆခန့်ပေးပြီး ဝယ်ယူစားသောက်နေကြရကာ စစ်ဘေးရှောင် ဦးရေ (၇၀၀၀)ကျော်မှာလည်း အခက်အခဲများစွာရှိနေကြသည်။

ဗီဒီယိုများ