ပလက်ဝမှ ကိုတင်ထွန်းအောင်အမှုတွင် တရားလိုနှင့် လိုပြသက်သေတို့ကို စတင်စစ်ဆေး

စစ်တပ်က ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်အမှုကို ယနေ့(ဖေဖော်ဝါရီလ ၁၀ ရက်)တွင် ပလက်ဝမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ရာ တရားလိုနှင့် လိုပြသက်သေတို့ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

10 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၀

စစ်တပ်က ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်အမှုကို ယနေ့(ဖေဖော်ဝါရီလ ၁၀ ရက်)တွင် ပလက်ဝမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ရာ တရားလိုနှင့် လိုပြသက်သေတို့ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ရုံးထုတ်ရာတွင် တရားလိုဖြစ်သူ ဗိုလ်ကြီးထွန်းထွန်းနိုင်နှင့် လိုပြသက်သေနှစ်ဦးဖြစ်သော အန်ခိုကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆီးဖလောင်းကျေးရွာမှ ရာအိမ်မှူးဆိုသူတို့ကိုစစ်ဆေးခဲ့ပြီး နောက်လာမည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့သို့ ပြန်လည်ရုံးချိန်းလိုက်ကြောင်း မိသားစုထံမှသိရသည်။

“ဒီနေ့တရားလိုဖြစ်တဲ့ ခလရ ၂၈၉ က ဗိုလ်ကြီးထွန်းထွန်းနိုင်ကို စစ်တယ်။ နောက်ပြီးလိုပြသက်သေ ၂ ယောက်စစ်တယ်။ အန်ခိုကအုပ်ချုပ်ရေးမှူး အောင်ပတစ်ယောက်ပါတယ်။ ဆီးဖလောင်းကျေးရွာကရာအိမ်မှူး အောင်မင်းပါတယ်။ စုစုပေါင်း ၃ ယောက်ကိုစစ်ခဲ့တယ်”ဟု မိသားစုဝင်တစ်ဦးက DMG ကိုပြောသည်။

ကိုတင်ထွန်းအောင်မှာ ပလက်ဝအခြေစိုက် ခမရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား Western News သတင်းဌာနသို့ အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ဖမ်းဆီးတရားစွဲဆိုထားခြင်းဖြစ်ပြီး လက်ရှိတွင် အများပြည်သူအကျိုးပျက်စီးစေမှု- ၅၀၅(က)ဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

“ဒီအမှုက ဒီလောက်ဆိုလွှတ်သင့်ပါပြီ။ ကျွန်တော့်ညီအနေနဲ့ ပြောလိုက်တဲ့စကားကလည်း ပလက်ဝမြို့မှာကြားသိရတဲ့ စကားမျိုးပါ။ နှစ်ယောက်မှာ တစ်ယောက်ကိုလွှတ်ပေးလိုက်ပြီ။ ပြောရမယ်ဆိုရင် သူပြောခဲ့တာတွေက နိုင်ငံတော်ကိုသိက္ခာကျအောင်လည်းမလုပ်ပါဘူး။ အလံစိုက်တာကိုလည်း ပြည်သူတွေကြောက်လန့်ပြီးတော့ ထွက်ပြေးတာလည်းမရှိပါ”ဟု မိသားစုဝင်ကဆိုသည်။

ကနဦးတွင် စစ်တပ်စခန်း၌ အလံဖြူထောင်ထားသည်ဟု Western News သတင်းဌာနကို ကိုတင်ထွန်းအောင်နှင့် တခြားအမျိုးသားတစ်ဦးတို့က အင်တာဗျူးဖြေဆိုခဲ့သဖြင့် နှစ်ဦးစလုံးကို စစ်တပ်ကဖမ်းဆီးခဲ့သည်။ သို့သော် တခြားအမျိုးသားတစ်ဦးကိုမူ ပလက်ဝမြို့မရဲစခန်းက ပြန်လည်လွှတ်ပေးခဲ့သည်။

အလားတူ ယင်းအလံဖြူထောင်သည့်သတင်းကို ရေးသားတင်ဆက်မှုကြောင့် Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးတို့ကိုလည်း အရေးယူပေးရန် စစ်တပ်အရာရှိတစ်ဦးက စစ်တွေခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားသည်ဟု သိရသည်။

ဗီဒီယိုများ