ပလက်ဝမြို့နယ်တွင် မိုင်းပေါက်ကွဲပြီး ဒေသခံတစ်ဦး ပြင်းထန်စွာဒဏ်ရာရ

ပလက်ဝမြို့နယ်၊ င/ရှကျေးရွာမှ ဒေသခံတစ်ဦးသည် ရွာအနီးတောင်တန်းမှ တောင်ယာလုပ်ကိုင်ပြီးပြန်လာစဉ် မိုင်းထိမှန်ပြီး ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိသွားသဖြင့် စစ်တွေဆေးရုံကြီးသို့ မေလ ၂၉ ရက်က အရေးပေါ်ပို့ဆောင်လိုက်ရသည်။

30 May 2022

photo crd - ဖြူစင်မေတ္တာပရဟိတအသင်း၊ ကျောက်တော်မြို့

DMG ၊ မေ ၃၀

ပလက်ဝမြို့နယ်၊ င/ရှကျေးရွာမှ ဒေသခံတစ်ဦးသည် ရွာအနီးတောင်တန်းမှ တောင်ယာလုပ်ကိုင်ပြီးပြန်လာစဉ် မိုင်းထိမှန်ပြီး ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိသွားသဖြင့် စစ်တွေဆေးရုံကြီးသို့ မေလ ၂၉ ရက်က အရေးပေါ်ပို့ဆောင်လိုက်ရသည်။

ဒဏ်ရာရရှိသူမှာ အသက် ၂၀ အရွယ် ကိုအောင်အောင်ဦးဆိုသူဖြစ်သည်။ ၎င်းသည် ယင်းလမ်းမှ နေ့တိုင်းသွားနေကျဖြစ်ပြီး မေလ ၂၈ ရက်နေ့က မိခင်ဖြစ်သူနှင့်အတူ တောင်ယာလုပ်ငန်းလုပ်ကိုင်ပြီး ရွာသို့ပြန်လာစဉ်တွင် မိုင်းထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“နေ့တိုင်းသွားနေတာ အဲလမ်းက။ မိုင်းကလည်း လမ်းမကြီးဗဟိုတည့်တည့်မှာထောင်ထားတာတဲ့။ သူက မရိပ်မိဘူး။ မနက်ကသွားတုန်းကလည်း ဘာမှမတွေခဲ့ဘူးတဲ့။ ပြန်တဲ့အခါ အမေနဲ့မနီးမဝေးကပဲသွားနေတာ။ သူကအရင်သွားတာဆိုတော့ လမ်းမှာ မိုင်းထိပြီး အော်တဲ့အခါမှ အမေကလာတယ်။ ပြီးရင်လူတွေကို အကူအညီတောင်းတာ။ အမေ့ရှေ့နားကပဲဖြစ်သွားတာ”ဟု ဆွေမျိုးတော်စပ်သူ ဒေါ်ပြည်ကိုးကဆိုသည်။

မိုင်းထိလူနာမှာ ညာခြေထောက်တွင် ပြင်းထန်စွာဒဏ်ရာရရှိသွားသဖြင့် ဖြတ်လိုက်ရသည်။ ထို့ပြင် ဘယ်ဘက်ခြေမှာ ဖနောင့်ပွင့်ထွက်သွားကာ ခါးအောက်ပိုင်းနှင့်လက်များတွင်လည်း ဒဏ်ရာရရှိသွားသဖြင့် ဆေးကုသမှုခံယူနေရကာ ငွေကြေးအကူအညီလိုအပ်နေသည်။

ယခုမိုင်းပေါက်ကွဲသည့်နေရာနှင့် သုံးမိုင်ခန့်ဝေးကွာသော တောင်တန်းများတွင် လွန်ခဲ့သည့်နှစ်နှစ်ကျော်ခန့်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ဖူးခဲ့သည်။ ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုကြောင့် တောင်ယာလုပ်ငန်း လုပ်ကိုင်နေသူများမှာ စိုးရိမ်နေကြသဖြင့် မိုင်းရှင်းလင်းပေးရန် သက်ဆိုင်ရာအာဏာပိုင်များကို တောင်းဆိုကြသည်။

“မိုင်းကို ရှင်းပေးစေချင်တယ်။ အသွားအလာရှိတော့ တစ်ဦးမဟုတ်ရင်တစ်ဦး နောက်ထပ်မိုင်းထိမှာကို စိုးရိမ်တယ်။ အဲဒီနေရာမှာမဟုတ်ပေမယ့် အခြားတစ်နေရာမှရှိချင်ရင် ရှိမှာပဲလေ။ အဲဒါကြောင့် မိုင်းတွေကိုရှင်းလင်းစေချင်တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ကိုအောင်အောင်ဦးမှာ ဖခင်ကွယ်လွန်သွားပြီဖြစ်သဖြင့် မိခင်နှင့်အတူနေထိုင်ကာ တောင်ယာလုပ်ငန်းလုပ်ကိုင်နေသူဖြစ်သည်။ ယခင်နှစ်များက တိုင်းရေးပြည်ရေးအခြေအနေများနှင့် ကိုဗစ်ရောဂါများကြောင့် တောင်ယာလုပ်ငန်းများ ရပ်နားထားခဲ့ရသည်။

“ဒီနှစ်မှာ တခြားသူတွေလည်း (တောင်ယာ)လုပ်နေတယ်ဆိုတော့ သားမိနှစ်ယောက်သွားလုပ်ကြတာ။ ငွေရေးကြေးရေး၊ စားဝတ်နေရေးဟာ ဘယ်လိုမှအဆင်မပြေဘူး။ သားက အခုလိုဖြစ်သွားတော့ အမေက ဘယ်လိုလုပ်စားနိုင်တော့မှာလဲ။ ရှိတဲ့ယာကိုလည်း တစ်ယောက်တည်းဘယ်လိုလုပ်နိုင်တော့မှာလဲ။ လုံးဝကို အဆင်မပြေတော့ဘူးထင်တယ်”ဟု ဒေါ်ပြည်ကိုးကပြောသည်။

“အခုတောင် ဟိုကပေး၊ဒီကပေးနဲ့ ဆေးလာကုသရတာ။ အခုလို ဖြစ်သွားတော့ ပြောမပြတတ်အောင်ခံစားရတယ်။ ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုစားသောက်ရမလဲဆိုတာကို မစဉ်းစားရက်တော့ဘူး”ဟု သူကဆက်ပြောသည်။

ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးတွင် မေလ ၂၆ ရက်နေ့က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တာ်(AA)တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဗီဒီယိုများ