ပလက်ဝတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွား

ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်အရှေ့ဘက်ကမ်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးသံများနှင့်အပြင် လက်နက်ငယ်ပစ်ခတ်မှုများလည်း ကြားရကြောင်း ဒေသခံများကပြောသည်။

15 Aug 2022

DMG ၊ ဩဂုတ် ၁၅

ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်အရှေ့ဘက်ကမ်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးသံများနှင့်အပြင် လက်နက်ငယ်ပစ်ခတ်မှုများလည်း ကြားရကြောင်း ဒေသခံများကပြောသည်။

ယနေ့(သြဂုတ်လ ၁၅ ရက်) နံနက် ၉ နာရီမှစတင်ကာ စိမ်ညင်းရွာနှင့် နှမဒါရွာအနီးမှ လက်နက်ကြီးပစ်ခတ်သံ အချက် ၃၀ ချက်ခန့်နှင့် လက်နက်ငယ်ပစ်ခတ်သံများကြားရပြီး နံနက် ၁၀ နာရီတွင် ရပ်တန့်သွားကြောင်း ပလက်ဝဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲကတော့ စိမ်ညင်းရွာ၊ နှမဒါရွာဘက်မှာဖြစ်နေတာပါ။ လက်နက်ကြီးက အကြိမ်ရေ ၃၀ လောက်ပစ်ပါတယ်။ လက်နက်အငယ်ကတော့ အရမ်းပစ်ပါတယ်။ အသံကြားရသလောက် တော့ နှစ်ဖက်အပြန်အလှန်ပစ်ကြတာပါ”ဟု သူကပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားနေသည့်နေရာသို့ ပလက်ဝအခြေစိုက် ခလရ(၂၈၉)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်းလည်း ဒေသခံများကပြောသည်။

“၂၈၉ တပ်ရင်းဘက်ကလှမ်းပစ်တဲ့ လက်နက်ကြီးပေါက်ကွဲသံ ၁၀ ကြိမ်လောက် ကြားလိုက်ရပါတယ်။ ပြီးရင် လက်နက်သံတွေတော့ စိမ်ညင်းရွာ၊ နှမဒါဘက်တွေဘက်က ကြားရတယ်။ ပလက်ဝမြို့နဲ့က အဲဒီဘက်နဲ့အလှမ်းဝေးတော့ တိုက်ပွဲဖြစ်တာလား၊ ရမ်းပစ်ခတ်တာလားတော့ မသိဘူး။ အဲဒီဘက်မှာက လူလည်းမရှိဘူးဆိုတော့လေ”ဟု နောက်ထပ် ပလက်ဝဒေသခံ တစ်ဦးကပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ချင်းပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်ကို DMG မှ ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းအဆက်အသွယ် မရှိသေးပေ။ ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကိုလည်း ဆက်သွယ်နေဆဲဖြစ်သည်။

မောင်တောမြောက်ပိုင်းနှင့် ပလက်ဝဘက်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲငယ်များ မကြာခဏဖြစ်ပွားမှုများရှိကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ဩဂုတ် ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။

ဗီဒီယိုများ