နယ်မြေဒေသအခြေအနေကြောင့် ပလက်ဝမြို့နယ်မှ ကျောင်းပေါင်း ၂၀၀ ကျော်ကို မဖွင့်လှစ်နိုင်သေး

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးပြင်းထန်နေသည့် ပလက်ဝမြို့နယ်တွင် ကျောင်းပေါင်း ၂၀၀ ကျော် မဖွင့်လှစ်နိုင်သေးကြောင်း ယင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

By နှင်းနွယ် 22 Jul 2020

Photo - facebook

နှင်းနွယ် | DMG
ဇူလိုင် ၂၂ ၊ စစ်တွေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးပြင်းထန်နေသည့် ပလက်ဝမြို့နယ်တွင် ကျောင်းပေါင်း ၂၀၀ ကျော် မဖွင့်လှစ်နိုင်သေးကြောင်း ယင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါမြို့နယ်၌ စာသင်ကျောင်းပေါင်း ၃၉၁ ကျောင်းရှိသည့်အနက် ၁၅ဝ ခန့်သာ ဖွင့်လှစ်သွားရန်လျာထားပြီး ကျန် (၂၃၀)ကျော်မှာ လမ်းခရီးအခက်အခဲများနှင့် ကျောင်းသုံးပစ္စည်းတို့ မရောက်ရှိနိုင်သည့်အတွက် ဖွင့်လှစ် နိုင်မည်မဟုတ်ကြောင်း ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းက ပြောသည်။

“ကျွန်တော်တို့အနေနဲ့လည်း လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် ခက်ခဲတဲ့နေရာတွေကို သွားလို့လာလို့ မရတဲ့အပိုင်းတွေ ရှိတယ်။ နောက်ပြီးတော့ နယ်မြေဒေသ အခြေအနေကြောင့် ပုံနှိပ်စာအုပ် ဖြန့်လို့မရတာ တွေလည်းရှိတော့ လောလောဆယ် မဖွင့်နိုင်သေးဘဲ ပိတ်ထားရသေးတယ်” ဟု ၎င်းကဆိုသည်။

လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ကောင်းမွန်လာပြီး ကျောင်းသုံးစာအုပ်များ ရောက်ရှိလာမှသာ ကျောင်းများအားလုံးကို ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်၍ပြောသည်။

ထို့အပြင် ပလက်ဝမြို့နယ်၌ တိုက်ပွဲကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရသည့် ကျေးရွာများနှင့် မီးရှို့ခံရသည့် ကျေးရွာများတွင် လုံးဝမဖွင့်နိုင်ဘဲ ပိတ်ထားရသည့် ကျောင်းပေါင်း ၃၀ ကျော်ရှိကြောင်း ချင်းပြည်နယ်အစိုးရ အဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။

“မီးရှို့ခံလိုက်ရတဲ့ရွာတွေ၊ ရွာလုံးကျွတ် ပြေးနေရတဲ့ရွာတွေက ကျောင်းတွေကိုဖွင့်ဖို့ကျတော့ လူတွေလည်း မရှိသလို ဆရာ၊ ဆရာမတွေလည်း မရှိတဲ့အတွက် လုံးဝဖွင့်နိုင်တော့မှာမဟုတ်ဘူး။ ဒါကြောင့် အဲဒီဒေသက ကျောင်းတွေကိုတော့ ပိတ်ထားရတယ်” ဟု ၎င်းကရှင်းပြသည်။

ကျောင်းဖွင့်ရာသီ ရောက်ရှိနေပြီဖြစ်သော်လည်း ကျောင်းများဖွင့်လှစ်ကာ ပညာသင်ကြားခြင်း မရှိသေးသည့်အတွက် ကျောင်းသားများ၏ပညာရေး ထိခိုက်နစ်နာစေကြောင်း ကျောင်းသားမိဘများက ပြောဆိုကြသည်။

“ကျောင်းသားတွေအတွက်ကတော့ တစ်နှစ်နောက်ကျရင် တစ်နှစ်ဖိုး နစ်နာတာပေါ့။ တချို့ကျောင်းတွေမှာ ကလည်း ကျောင်းသားလက်ခံတယ်ဆိုတဲ့ နာမည်လောက်ပဲရှိတယ်။ တကယ့်တစ်ကယ် ကျောင်းဖွင့်ပြီး ပညာ သင်ကြားရတာတွေတော့ မရှိဘူး။ ကလေးတွေကလည်း ဒီနှစ်ကျောင်းမတက်ရမှာကို စိုးရိမ်နေကြတယ်’’ ဟု ပလက်ဝမြို့နယ် မီးလက်ဝကျေးရွာမှ ဦးကျော်လှက ပြောသည်။

ယင်းအပြင် ပလက်ဝမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း စုစုပေါင်း ၃၈ ကျောင်းရှိသည့်အနက် ယခု ပညာသင်နှစ်တွင် ၁၃ ကျောင်းဖွင့်လှစ်ရန် လျာထားသော်လည်း Covid-19 ကာကွယ်ရေးလုပ်ငန်းစဉ်အဆင့် A မဖြစ်သေးသည့်အတွက် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဗီဒီယိုများ