ပလက်ဝတိုက်ပွဲကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီးတွင်ဖြစ်ပွားသော တိုက်ပွဲကြောင့် ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ ကျရောက်လာသဖြင့် ဘွီဝုန်းရွာသစ်ကျေးရွာမှ အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

By အောင်ထိန် 05 Mar 2020

Photo - google

အောင်ထိန် | DMG
မတ်လ ၅ ၊ ပလက်ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီးတွင်ဖြစ်ပွားသော တိုက်ပွဲကြောင့် ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ ကျရောက်လာသဖြင့် ဘွီဝုန်းရွာသစ်ကျေးရွာမှ အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

မတ်လ ၄ ရက်နေ့ ညနေ ၆ နာရီခန့်က တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် တပ်မတော်ဘက်က ရဟတ်ယာဉ်သုံးစွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်သည်ဟု ဒေသခံများထံက သိရသည်။

“ကျေးရွာအတွင်းကို ဗုံးသီးတွေရော လက်နက်ကြီးတွေရောကျတယ်။ တစ်ယောက်ကတော့ သေဆုံးသွားတယ်။ နောက် ၈တန်းကျောင်းသားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်” ဟု ဘွီဝန်းဒေသခံ ဦးကျော်မြင့် ကပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကိုအလုံး(၂၆)နှစ်မှာ ဝမ်းဗိုက်သို့ကျည်စ ထိမှန်သွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ရန်ပြင်ဆင်စဉ် လမ်း၌သေဆုံးသွားခြင်းဖြစ်သည်။

“ကုလားတန်မြစ်က လုံးဝသွားလို့မရဘူး။ စက်လှေလာရင် စက်လှေကိုပစ်တာပဲ။ အဲဒါကြောင့် ပီချောင်းဘက်ကို လူနာကိုထမ်းလို့ တောင်ကျော်ပြီးပို့ကြတယ်။ လမ်းမှာသေဆုံးသွားတယ်” ဟု ဦးကျော်မြင့်က ပြောသည်။

အသက်(၁၃)နှစ်အရွယ် ၈ တန်း ကျောင်းသား မောင်ကိုဇော်နိုင်မှာ ခါးတွင် ဒဏ်ရာရရှိသွားပြီး အသက်(၂၈) အရွယ်မဝင်းဝင်းဖြူမှာ ဘယ်ဖက်ခြေသလုံးတွင် ဒဏ်ရာရရှိသွားသည်။

ထို့အပြင် ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ ကျရောက်မှုကြောင့် နေအိမ်(၈)လုံး မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်ရာလည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏ အမြောက်စခန်း(ဗျူဟာကုန်း) အနီးတွင် ဖေဖော်ဝါရီလ (၅) ရက်နေ့က စတင်ပြီး တိုက်ပွဲဖြစ်ပွားနေသည်ဟု ရက္ခိုင့်တပ်တော်(AA)က မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

ဗီဒီယိုများ