ပလက်ဝမြို့နယ်တွင် ဒေသခံ(၃၆၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ဒေသခံ (၃၆၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က DMG သို့ပြောသည်။

By မင်းထွန်း 23 Mar 2020

(ဓာတ်ပုံ - ခူမီးမီဒီယာ)

မင်းထွန်း | DMG
မတ်လ ၂၃၊ စစ်တွေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ဒေသခံ (၃၆၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က DMG သို့ပြောသည်။

လက်ရှိတွင် ဆမီးမြို့သို့ ဒေသခံ (၂၄၀၀)ကျော် ထွက်ပြေးသွားပြီး ပလက်ဝမြို့ပေါ်သို့ (၁၁၀၀)သို့ ရောက်ရှိလာသည်။ ပလက်ဝမြို့ပေါ်ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရန်အတွက် နယ်မြေဒေသ လုံခြုံမှုမရှိခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်နေသည်ဟု ဦးစိုးထက်က ပြောသည်။

“အခက်အခဲဆိုတာ နယ်မြေမလုံခြုံတဲ့အတွက် ကျနော်တို့ တာဝန်ရှိတဲ့ လူကြီးတွေ အရောက်မသွားနိုင်ဘူး။ ဒါပေမဲ့ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်ကလည်း တချို့ဝန်ထမ်းတွေကိုတော့ စေလွှတ်ရတယ်။ တာဝန်ရှိတဲ့လူကြီးတွေကိုတော့ သွားဖို့ လုံခြုံရေးအရ သွားလို့ ဘယ်လိုမှမရတဲ့ အနေအထားဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

ပလက်ဝမြို့မှ ဒေသခံများသည် ဆန်နှင့်စားနပ်ရိက္ခာများကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ အဓိက ဝယ်ယူစားသုံးနေကြပြီး လက်ရှိတွင် တိုက်ပွဲကြောင့် ပလက်ဝမြို့ကို သွားသည့် ကုန်လမ်း၊ ရေလမ်းခရီးလမ်းများ ပိတ်ဆို့နေခြင်းကြောင့် ဆန်အပါအဝင် စားနပ်ရိက္ခာများ အခက်အခဲဖြစ်ပေါ်ကြသည်။

ဆမီးမြို့ကို ရောက်ရှိနေသည့် စစ်ဘေးရှောင် (၂၄၀၀)ကျော်မှာ စားနပ်ရိက္ခာများ အခက်အခဲမရှိသော်လည်း ချက်ပြုတ်စားသောက်ရန် ထင်းများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသည့် ဦးဘမောင်က ပြောသည်။

“ထင်းက အခုခုတ်၊ အခုသုံးလို့မရဘူး။ အဲဒါကြောင့် ထင်းက ရွာတွေမှာ အလှူလိုက်ခံတယ်။ အခုက မိုင်နှစ်ဆယ်လောက်ဝေးတဲ့ ရွာတွေကိုကားနဲ့သွားပြီးတော့ အလှူလိုက်ခံတယ်။ ရွာအနီးအနားတွေမှာလည်း ထင်းတွေက ကုန်ပြီ။ သူတို့ကိုယ်တိုင်ခုတ်ဖို့လည်း ဓားတွေကအစ မရှိဘူး။ အဲဒါကြောင့် အခက်အခဲဖြစ်နေတာ” ၎င်းကဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က စတင်ပြီး ပလက်ဝမြို့နယ်အတွင်းမှ ဝက်မ၊ ပြိုင်တင်၊ မိတ်စာဝ၊ ငါးမျက်တောင်၊ ပြိုင်းတောင်နှင့် ဆားဝ ကျေးရွာသားများသည် ဆမီးမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့နယ် မီးဝဗျုဟာကုန်းပတ်ဝန်းကျင်တွင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ပြီး ရက်ပေါင်း (၄၀)ကျော်အကြာ တပ်မတော် နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် - 

ဗီဒီယိုများ