ပလက်ဝက ဒေသခံများ ထိခိုက်မှုကိစ္စ တပ်မတော်နှင့် AA အပြန်အလှန်စွပ်စွဲ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှုံးဘူးကျေးရွာအနီး ကုလားတန်မြစ်အတွင်းတွင် ခရီးသည်တင်ရေယာဉ် တစ်စီး လက်နက်ကြီးကျည်ဆံ ထိမှန်၍ (၂) ဦး သေဆုံးကာ (၆) ဦး ဒဏ်ရာရရှိမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား အပြန်အလှန် စွပ်စွဲနေကြသည်။

By နေရောင်မင်း(စစ်တွေ) 11 Dec 2019

(ဓာတ်ပုံ - Paletwah Hospitah)

နေရောင်မင်း | DMG
ဒီဇင်ဘာ ၁၁ ၊ စစ်တွေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှုံးဘူးကျေးရွာအနီး ကုလားတန်မြစ်အတွင်းတွင် ခရီးသည်တင်ရေယာဉ် တစ်စီး လက်နက်ကြီးကျည်ဆံ ထိမှန်၍ (၂) ဦး သေဆုံးကာ (၆) ဦး ဒဏ်ရာရရှိမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား အပြန်အလှန် စွပ်စွဲနေကြသည်။

အဆိုပါ စက်လှေသည် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပလက်ဝမြို့မှ တောင်ပြိုမြို့ဘက်သို့ ကုလားတန်မြစ်အတိုင်း ထွက်ခွာလာပြီး နှုန်းဘူးကျေးရွာတွင် ကမ်းကပ်စဉ် AA တပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ထို့ကြောင့် အသက် (၁)နှစ်ကျော် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသား (၄)ဦး အမျိုး သမီး (၁)ဦးတို့  ဒဏ်ရာရရှိသွားပြီး အမျိုးသား (၁)ဦးပျောက်ဆုံးလျက်ရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ သတင်းထုတ်ပြန်သည်။

ပလက်ဝမြို့နှင့် တောင်ပြိုမြို့အကြားတွင် ခမရ (၂၈၉) တပ်ရင်းမှ တစ်ဖက်သတ်ပစ်ခတ်နေမှု၊ ကြောက်လန့်၍ ရမ်းသန်းပစ်ခတ်နေမှုများ၊ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုများမှလွဲ၍ ယင်းပတ်ဝန်းကျင်တွင် မိမိတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဟု AA ဘက်က သတင်းထုတ်ပြန်သည်။

ထို့အပြင် မြန်မာ့တပ်မတော်က ရမ်းသန်းပစ်ခတ်မှုကြောင့် ကုလားတန်မြစ်အတွင်း သွားလာနေသည့် စက်လှေပေါ်မှ ခရီးသည် (၃)ဦး သေဆုံးကာ ဒဏ်ရာရရှိသူ (၆) ဦး ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဗီဒီယိုများ