ပုဏ္ဏားကျွန်းမြို့နယ်တွင် တိုက်ပွဲကြောင့် ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်ဆိပ်ကျေးရွာကြား ရန်ကုန်- စစ်တွေကားလမ်းမပေါ်တွင် ယနေ့ (ဇွန်လ ၁၉ ရက်)နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ခရီးသည်ယာဉ်တစ်စီး ကျည်ထိမှန်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

By နှင်းနွယ် 19 Jun 2020

နှင်းနွယ် | DMG
ဇွန် ၁၉ ၊ ပုဏ္ဏားကျွန်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်ဆိပ်ကျေးရွာကြား ရန်ကုန်- စစ်တွေကားလမ်းမပေါ်တွင် ယနေ့ (ဇွန်လ ၁၉ ရက်)နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ခရီးသည်ယာဉ်တစ်စီး ကျည်ထိမှန်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကားလမ်းမပေါ်၌ တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားကြချိန်တွင် ကျောက်ဆိပ်ကျေးရွာဖက်မှ ပုဏ္ဏားကျွန်းမြို့ဖက်သို့သွားသည့် ခရီးသည်ယာဉ်တွင် ကျည်ထိမှန်ခဲ့ရာ ကားပေါ်မှအမျိုးသမီးတစ်ဦး၏ပေါင်၌ ကျည်ထိမှန်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ကျောက်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းက ပြောသည်။

“ကားတွေလည်း သွားလို့မရဘူး။ ဒဏ်ရာရရှိသွားတဲ့ အမျိုးသမီးရဲ့ အခြေအနေကို အသေးစိတ် မသိရသေးဘူး” ဟု ၎င်းကဆိုသည်။

ထို့ပြင် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ အမှတ်(၅၅၀)တပ်ရင်းမှ ကျောက်ဆိပ်ကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့်ပစ်ခတ်နေ၍ နေအိမ်အချို့ပျက်စီးသွားခဲ့ပြီး ရွာသူ၊ရွာသားများမှာ ဘေးလွတ်ရာသို့ထွက်ပြေးနေရ ကြောင်း ၎င်းကျေးရွာသားများက ပြောသည်။၏

“တပ်ရင်းတစ်ခုတည်းက မဟုတ်တော့ဘူး။ နေဗီတွေ၊ စက်လှေတွေပေါ်ကနေ ရွာဘက်ကိုပဲဦးတည်ပြီးတော့ ပစ်နေကြတော့ ရွာထဲကိုလက်နက်ကြီးကျတဲ့အတွက် အိမ်တွေလည်း ပျက်စီးသွားတယ်”ဟု ကျောက်ဆိပ် ကျေးရွာမှ ဦးမောင်လူက ပြောသည်။

ယခုကဲ့သို့ နေအိမ်များတွင် လက်နက်ကြီးများကျရောက်သဖြင့် ကျေးရွာအတွင်းမနေရဲကြဘဲ ရွာသားအားလုံး ထွက်ပြေးနေရကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်၌ ကျောက်ဆိပ်ကျေးရွာသားများမှာ ညောင်ပင်လယ်၊ ဇီးပင်ကြီး၊ ပန်းနီလာ၊ သရက်တော်၊ ကြံခင်း၊ ယိုးတရုတ် စသည့်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကပြောသည်။

ယနေ့တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီအား ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားမှုမရှိခဲ့ပေ။

ပုဏ္ဏားကျွန်းနှင့် ကျောက်ဆိပ်ကျေးရွာကြားတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ (၆)နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ပုဏ္ဏားမြို့ပေါ်၌လည်း ဈေးဆိုင်များပိတ်ထားရကြောင်းသိရသည်။

ဗီဒီယိုများ