ပုဏ္ဏားကျွန်းမြို့ပေါ်တွင် တပ်မတော် အရာရှိတစ်ဦး ဓားထိုးခံရပြီးသေဆုံး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ (၅၅၀) တပ်ရင်းမှ တပ်မတော် အရာရှိတစ်ဦးမှာ ယနေ့ ဇွန်လ (၁၁) ရက်နေ့ နံနက် (၈) နာရီခန့်တွင် ဓားထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

By အောင်ထိန် 11 Jun 2020

အောင်ထိန်၊ DMG       
ဇွန် ၁၁ ၊ ပုဏ္ဏားကျွန်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ (၅၅၀) တပ်ရင်းမှ တပ်မတော် အရာရှိတစ်ဦးမှာ ယနေ့ ဇွန်လ (၁၁) ရက်နေ့ နံနက် (၈) နာရီခန့်တွင် ဓားထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

တပ်မတော်အရာရှိနှင့် အခြား တပ်မတော်သားတစ်ဦးတို့သည် ပုဏ္ဏားကျွန်းမြို့တွင် ဈေးဝယ်နေစဉ် ဈေးအနီးရှိ ဧစေတီဘုရားနားတွင် အမည်မသိသူတို့မှ ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က DMG ကိုပြောသည်။

“ တပ်မတော်အရာရှိတစ်ဦး မြို့ထဲက ဧစေတီနားမှာ ဓားထိုးခံရတယ်။ ဒဏ်ရာ အခြေအနေကိုတော့ မသိဘူး။ သေဆုံးသွားတယ်လို့ သိရတယ်” ဟု ဦးအောင်သန်းတင်က ပြောသည်။

ထို့အပြင် ၎င်း တပ်မတော်အရာရှိနှင့်အတူ ပါလာသူကိုလည်း အမည်မသိလူတချို့မှ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

သို့သော်လည်း သေဆုံးသွားသည့် တပ်မတော်အရာရှိဆိုသူနှင့် အဖမ်းခံခဲ့ရသူတို့နှစ်ဦး၏ အမည်၊ ရာထူးအတိကျကို DMG အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် မြို့အတွင်း တပ်မတော်သားများ ဝင်ရောက်လာပြီး အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ကို လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီးနောက် မြို့မြောက်ဘက်ရှိ (၅၅၀) တပ်ရင်းကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေသည်ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။

“ သူတို့က ဝင်ရောက်လာပြီး ရမ်းပစ်နေတာပဲ။ လူတွေက ကိုယ့်အိမ်မှာ အကုန်လုံးပုန်းနေကြတယ်။ အသွားအ လာတွေကိုလည်း ပိတ်ထားတယ်။ မြစ်ဖက် ချောင်းဖက်တွေကလည်း (တပ်မတော်က) အကုန်လုံးဝိုင်းထားတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင်  ပုဏ္ဏားကျွန်းမြို့ပေါ်တွင် တပ်မတော်က လုံခြုံရေး တင်းကျပ်စွာဆောင်ရွက်နေပြီး လမ်းသွားလမ်းလာများကိုလည်း ပိတ်ပင်ထားကြောင်းသိရသည်။

ယင်းအပြင် မြို့ပေါ်ရှိ ဈေးဆိုင်များအာလုံးကို ပိတ်ထားကြပြီး မြို့ခံများမှာလည်း စိုးရိမ် ကြောက်လန့်နေကြသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို DMG က ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းအနေဖြင့် အဆိုပါဖြစ်စဉ်ကို မကြားမိသေးကြောင်းဆိုသည်။

ဗီဒီယိုများ