မြိုတိုင်းရင်းသားများထဲတွင် ကျောင်းမတက်နိုင်သည့် ကလေးငယ် ၇၅ ရာခိုင်နှုန်းရှိနေ

ရခိုင်ပြည်ထဲတွင် မြိုတိုင်းရင်းသားလူမျိုး သုံးသောင်းငါးထောင်ကျော်ရှိပြီး ဆင်းရဲမွဲတည်မှုနှင့် နေရာဒေသ ဝေးလံခေါင်ဖျားမှုကြောင့် ယင်းအထဲက ကျောင်းနေအရွယ်ကလေးငယ် ၇၅ ရာခိုင်နှုန်းမှာ ကျောင်းမတက်ရကြောင်း မြိုလူငယ်အဖွဲ့အစည်းများထံမှ သိရသည်။

09 Jun 2022

ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာတွင် ကျင်းပသော မြိုလူငယ်များတွေ့ဆုံဆွေးနွေးပွဲ။ (ဓာတ်ပုံ - Mro Youths New Generation)

DMG ၊ ဇွန် ၉

ရခိုင်ပြည်ထဲတွင် မြိုတိုင်းရင်းသားလူမျိုး သုံးသောင်းငါးထောင်ကျော်ရှိပြီး ဆင်းရဲမွဲတည်မှုနှင့် နေရာဒေသ ဝေးလံခေါင်ဖျားမှုကြောင့် ယင်းအထဲက ကျောင်းနေအရွယ်ကလေးငယ် ၇၅ ရာခိုင်နှုန်းမှာ ကျောင်းမတက်ရကြောင်း မြိုလူငယ်အဖွဲ့အစည်းများထံမှ သိရသည်။

မြိုတိုင်းရင်းသားလူမျိုးများသည် ရခိုင်ပြည်ထဲက ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့တို့တွင် အဓိကနေထိုင်ကြပြီး ယင်းအထဲက ဘူးသီးတောင်၊ မောင်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ မြိုတိုင်းရင်းသား ကလေးငယ် အများဆုံး ကျောင်းမတက်နိုင်ကြကြောင်း မြိုလူငယ်ဖွံ့ဖြိုးရေးအသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး (အမည်မဖော်လို) က ပြောသည်။

“ အဓိကတော့ ကျနော်တို့ မြိုလူမျိုးတွေ နေထိုင်တဲ့ နေရာတွေက မြိုနဲ့ အလှမ်းဝေးတယ်။ မြို့နဲ့နီးတယ် ဒါမှမဟုတ် မြေပြန့်မှာ နေထိုင်သူတွေက ကျောင်းတက်နိုင်ကြတယ်။ ဒါပေမယ့် အများဆုံးက ကျနော်တို့ လူမျိုးတွေက တောင်ယာကိုအခြေခံပြီး လုပ်ကိုင်စားသောက်ကြတာများပါတယ်။ အဲဒီတော့ နေရာဒေသက ဝေးလံခေါင်ဖျားတော့ ကလေးတွေက စာမသင်နိုင်ကြဘူး။ ကျောင်းလည်းမရှိတဲ့ ရွာတွေရှိပါတယ်။ ၂၅ ရာခိုင်နှုန်းလောက်ကပဲ ကျောင်းတက်နိုင်ပြီးတော့ ၇၅ ရာခိုင်နှုန်းက ကျောင်းမတက်နိုင်ကြပါဘူး။ နောက်တစ်ခုက အရမ်းဆင်းရဲမွဲတည်မှုကြောင့်လည်း ပါပါတယ်ဗျာ။ ” ဟု ပြောသည်။

ကျောင်းရှိသည့် ကျေးရွာများမှာလည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ဝေးလံခေါင်ဖျားမှုကြောင့် ဆရာ၊ ဆရာမတချို့မှာ တစ်လမှာ တစ်ခါ လာရောက်ကာ လေးရက်လောက်စာသင်ပေးခဲ့ပြီး ပြန်သွားတာမျိုးရှိသည့်အတွက် ကျောင်းသားအများစုမှာ စာစိတ်ဝင်စားမှုအားနည်းသွားကြောင်း ၎င်းက ပြောသည်။ ယင်းအပြင် မြိုတိုင်းရင်းသားများမှာ စီးပွားရေးအဆင်မပြေမှု၊ အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်းနှင့် ကျန်းမာရေးစောင့်မှုအပြည့်အဝ မခံစားရသည့် စိန်ခေါ်မှုများ ရှိနေကြသည်။

ထိုအခြေအနေ အရပ်ရပ်ကို တတ်နိုင်သည့်ဘက်က ကူညီဆောင်ရွက်နိုင်ရန် မြိုလူငယ် ၃ သုံးဖွဲ့က ဦးဆောင်ကာ ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၄ ရက်က မြိုလူငယ် ၄၀ ခန့်က သုံးရက်တာ နွေးပွဲပြုလုပ်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် လူငယ်များအပါအဝင် မြိုတိုင်းရင်းသားများ၏ အခက်အခဲ စိန်ခေါ်မှုများကို ကူညီဖြေရှင်းနိုင်ရန် မြိုလူငယ်များအစည်းအရုံး (Mro Youths Union - MYU) ကို ယာယီဖွဲ့စည်းခဲ့ကြသည်။

ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦး (အမည်မဖော်လို) က “ လက်ရှိ မြိုလူငယ်များ၏ အလုပ်အကိုင်အခွင့်အရေး၊ မြိုလူငယ်များ၏ အနာဂတ်ပညာရေးအခြေအနေ၊ မြိုလူမျိုးတို့၏ ဓလေ့ထုံးတမ်းများကို မည်သို့ထိန်းသိမ်း ဖော်ထုတ်သွားမည့် အစီအစဉ်၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံ ရေးအခြေအနေများတွင် မည်သို့ပြုမူနေထိုင်သင့်သည့်အခြေအနေနှင့် အခက်အခဲများရှိလာလျှင် ကြိုတင်ပြင်ဆင်မည့် အကြောင်းအရာများကို ဦးစားပေးဆွေးနွေးခဲ့ကြသည်။ ” ဟု ပြောသည်။

ပထမဆုံးအကြိမ်အဖြစ် မြိုလူငယ်များတွေ့ဆုံဆွေးနွေးပွဲပြုလုပ်သည့်အတွက် အလွန်းဝမ်းသာပီတိဖြစ်ရပြီး ကောင်းမွန်သောလုပ်ရပ်ဟု မြိုအမျိုးသမီး မလှဦးက ပြောသည်။

 “ ကျွန်မတို့ မြိုတိုင်းရင်းသားတွေမှာ ဘာသာစကားအားဖြင့် ကိုယ်တို့ချင်းမတူတာတွေလည်း ရှိတယ်လေ။ ဘင်္ဂလားဒေ့ရှ်ဘက်က မြိုလူငယ်တွေသာမက ရခိုင်ပြည်နယ် ၄ မြို့နယ်က လူငယ်တွေတက်တယ်။ စကားလေသံက နည်းနည်းကွဲတယ်။ ဝေးလံခေါင်းဖျားတဲ့ နေရာတွေမှာ နေကြတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက်မတွေ့ကြဘူးလေ။ အခုလို တစ်ယောက်နဲ့ တစ်ယောက်တွေ့ကြတော့ ရင်းနှီးမှုတွေလည်း ရကြတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဘူးကြတဲ့ လူတွေကလည်း တွေ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်အတွေးအခေါ်တွေလည်း ဖလှယ်ကြတော့ ကောင်းတာပေါ့။ ” ဟု သူမက ဆိုသည်။

ရခိုင်ပြည်တွင်းရှိ လူမှုရေးအဖွဲ့အစည်းများနှင့် အခြား ကူညီပေးနိုင်သော အဖွဲ့အစည်းများဖြင့် မြိုတိုင်းရင်းသားများ၏ လိုအပ်ချက်များကို အဓိကအားဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို ပိုမိုမြှင့်တင် ချိတ်ဆက်သွားမည်ဟု မြိုလူငယ်ဖွံ့ဖြိုးရေးအသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး (အမည်မဖော်လို) က ပြောပြသည်။

မြိုလူငယ်များအစည်းအရုံး (Mro Youths Union - MYU) အနေဖြင့်လည်း ရခိုင်ပြည်ထဲတွင် မြိုတိုင်းရင်းသားများ လူဦးရေးစာရင်းကို မြို့နယ်အလိုက်ကောက်ကူမည့်အပြင် အခြားသော လိုအပ်ချက်များကိုလည်း ကောက်ကူမည်ဖြစ်ကြောင်း သိရသည်။
မြိုလူငယ်များအစည်းအရုံး (Mro Youths Union - MYU) ကို မြိုလူငယ်ဖွံ့ဖြိုးရေးအသင်း (Mro Youths Development Association) ၊ Mro Youths Education Development Association) နှင့် Mro Youths New Generation အဖွဲ့တို့ ဦးဆောင်ကာ မြို့နယ်လေးခုက လူငယ်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ