ပုဏ္ဏားကျွန်းတွင် အရပ်သားနှစ်ဦးမိုင်းထိ

ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ် ကံသစ်ကျေးရွာမှ ကျေးရွာသားနှစ်ဦးသည် ယနေ့ နေ့လည် ၁ နာရီအချိန်ခန့်က မိုင်းထိမှန်ကာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ကံသစ်ကျေးရွာ ဆယ်အိမ်မှူး ဦးကံထွန်းအောင်က ပြောသည်။

By မင်းထွန်း 24 May 2020

ဒဏ်ရာရရှိသူတစ်ဦးအား သယ်ယူလာစဉ်။ (ဓာတ်ပုံ - facebook)

မင်းထွန်း | DMG
မေ ၂၄ ၊ ပုဏ္ဏားကျွန်း

ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ် ကံသစ်ကျေးရွာမှ ကျေးရွာသားနှစ်ဦးသည် ယနေ့ နေ့လည် ၁ နာရီအချိန်ခန့်က မိုင်းထိမှန်ကာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ကံသစ်ကျေးရွာ ဆယ်အိမ်မှူး ဦးကံထွန်းအောင်က ပြောသည်။

ကံသစ်ကျေးရွာနေ ဦးထွီးအောင် ၄၀ နှစ်မှာ မင်းမတောင်တန်းသို့ ထင်းရှာသွားစဉ် မိုင်းထိမှန်ခဲ့သဖြင့် ကျေးရွာသားအချို့မှ သွားရောက်ကူညီစဉ် ဦးအောင်ဇံဝေ ၄၂ နှစ်မှာ ထပ်မံမိုင်းထိမှန်ခဲ့ကြောင်း သိရသည်။

"ထင်းခုတ်ဖို့သွားရာမှာ မိုင်းထိတာပါ။ မိုင်းထိတော့ ကျနော်တို့ ရွာသားတွေက အဲဒီကိုတန်းပြီးတော့သွားပါတယ်။ အဲဒီအချိန်မှာ နောက်တစ်ယောက်ထိပါတယ်။ နှစ်ယောက်ပြိုင်တူ မိုင်းထိတာ မဟုတ်ပါဘူး ”ဟု ၎င်းကပြောသည်။

မိုင်းထိမှန်သူနှစ်ဦးလုံးမှာ ခြေထောက်ပြတ်ထွက်သွားခဲ့သဖြင့် ပုဏ္ဏားကျွန်းဆေးရုံတွင် ဆေးကုသမှုခံယူရန်ပို့ဆောင်ထား ကြောင်းသိရသည်။

“ဒဏ်ရာအခြေအနေကတော့ ဘယ်ဖက်ခြေထောက်တစ်ဖက် မရှိတော့ဘူး။ ခြေသလုံးနားကနေ ပြတ်သွားတယ်။ ပထမဆုံး မိုင်းထိတဲ့သူမှာလည်း အဲဒီလိုဖြစ်သွားတယ်။ ဒုတိယမိုင်းထိတဲ့ သူမှာလည်း အဲဒီလိုဖြစ်သွားပါတယ်” ဟု ဦးကံထွန်းအောင်က ဆိုသည်။

အဆိုပါ ကံသစ်ရွာသားနှစ်ဦး မိုင်းထိမှန်မှုသည် မှန်ကန်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲအကျိုးဆက်အနေဖြင့် မိုင်းထိမှန်မှု၊ ကျည်ထိမှန်မှုများကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှုများလည်း တစ်နေ့တစ်ခြား ပိုများလာနေသည်။

ဗီဒီယိုများ