ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျည်စထိမှန်မှုကြောင့်ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲစာတိုက်ကျေးရွာတွင် မတ်လ ၁၁ ရက်က ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့မှုကြောင့် လက်နက်ကြီးကျည်စထိမှန်ကာ အသက် (၁၅) နှစ်အရွယ်ကလေးတစ်ဦးနှင့် အသက် (၅၀) အရွယ်အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရအချို့ရရှိခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

13 Mar 2020

ကျော်သူဌေး|DMG
မတ် ၁၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲစာတိုက်ကျေးရွာတွင် မတ်လ ၁၁ ရက်က ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့မှုကြောင့် လက်နက်ကြီးကျည်စထိမှန်ကာ အသက် (၁၅) နှစ်အရွယ်ကလေးတစ်ဦးနှင့် အသက် (၅၀) အရွယ်အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရအချို့ရရှိခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

ဒဏ်ရာရရှိခဲ့သူများမှာ အသက် ၁၅ နှစ်အရွယ် မောင်နေကျော်ဆန်းနှင့် အသက် ၅၀ အရွယ် ဒေါ်ခင်ဆန်းရီ တို့ဖြစ်ကြပြီး ၎င်းတို့နှစ်ဦး ကျေးရွာအတွင်းရှိနေစဉ် လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်း အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ဆိုသည်။

“ကလေးတစ်ဦးမှာက ကျည်စချောထွက်သွားတာပါ။ သွေးတော့ နည်းနည်းထွက်သွားပါတယ်။ နောက် တစ်ယောက်မှာက လက်မှာ ရှပ်ထိသွားပါတယ်။ ဒဏ်ရာကတော့ မပြင်းပါဘူး” ဟု ကျေးရွာသား ၎င်းက ဆိုသည်။

အသက် ၁၅ အရွယ်မောင်နေကျော်ဆန်းတွင် ဘယ်ဖက်နားရွက်အထက်ပိုင်း ဦးခေါင်းတွင် အနည်းငယ်ရှပ်ထိ သွားပြီး၊ ဒေါ်ခင်ဆန်းရီမှာလည်း လက်တွင် အနည်းငယ် ရှပ်ထိသွားခဲ့ကြောင်း အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။

မည်သည့်ဖက်မှ ပစ်ခတ်လိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည်ကို မသိရှိကြောင်းနှင့် ကျေးရွာအတွင်း လက်နက်ကြီး ကျည်စ ကျရောက်မှုကြောင့် နေအိမ် ၂ အိမ်မှာလည်းခေါင်မိုးများ ပေါက်ထွက်သွားသည်ဟု ကျေးရွာသားများက ပြောသည်။

၎င်းကျေးရွာအနီးတွင်၊ မတ်လ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး၊ နာရီဝက်ခန့်အကြာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားမှုမှာ တစ်နှစ်ကျော်အထိ ကြာမြင့် လာနေပြီး၊ တိုက်ပွဲကြောင့် အရပ်သားသေဆုံးသူ ၁၃၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၆၀ ကျော်အထိ ရှိလာနေသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ ရန်ကုန်)၏စာရင်းအရ သိရသည်။

ဗီဒီယိုများ