ပုဏ္ဏားကျွန်းတွင် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကျည်ထိ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်တောင်ကျေးရွာသို့ ဧပြီလ ၂၉ ရက်နေ့ နေလည့် ၁၂ နာရီကျော်ခန့်က လက်နက်ငယ်ကျည်များ ကျရောက်သဖြင့် အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

By ကိုသူရ 29 Apr 2020

ကိုသူရ | DMG

ဧပြီ ၂၉ ၊ ပုဏ္ဏားကျွန်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်တောင်ကျေးရွာသို့ ဧပြီလ ၂၉ ရက်နေ့ နေလည့် ၁၂ နာရီကျော်ခန့်က လက်နက်ငယ်ကျည်များ ကျရောက်သဖြင့် အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

နတ်တောင်ကျေးရွာနှင့် တစ်မိုင်ကျော်ကွာဝေးသည့် အနောက်တောင်ဘက် တောင်တန်းတွင် တိုက်ပွဲဖြစ်ပွားမှုများရှိနေပြီး ယင်းနေရာမှ လက်နက်ကျည်ဆံများ ကျရောက်သဖြင့် နေအိမ်တွင်း မိသားစုနှင့်အတူရှိနေသည့် မနှင်းနှင်းဝေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိခင်ဖြစ်သူက ပြောသည်။

“ကျွန်မတို့ရွာ အနောက်တောင်ဘက် ၁ မိုင်ကျော်မှာ တိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲဖြစ်တော့ ရွာကိုလက်နက်ကြီး ကျည်တွေကျတဲ့အတွက် ရွာသားတွေကြောက်ပြီး အိမ်ပြင်မထွက်ကြဘူး။ ကျွန်မတို့ မိသားစု ၇ ယောက်လုံး ထိုင်နေတဲ့အခါ အိမ်ခေါင်မိုးကိုဖောက်ပြီး ကျွန်မသမီးကိုလာထိတာ” ဟု မနှင်းနှင်းဝေ၏ မိခင် ဒေါ်မသိန်းနုက ပြောသည်။

ကျည်ထိမှန်သွားခဲ့သည့် မနှင်းနှင်းဝေအား စက်လှေဖြင့် ပုဏ္ဏားကျွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယင်းမှတစ်ဆင့် စစ်တွေဆေးရုံသို့ လာနေကြောင်းလည်း သိရသည်။

အိမ်ခြေ ၂၀၀ ကျော်ရှိသည့် နတ်တောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုများရှိသဖြင့် ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်များကျရောက်လာကာ ကျေးရွာသားများ စိုးရိမ်နေရကြောင်း သိရသည်။

ဗီဒီယိုများ