ပုဏ္ဏားကျွန်းမြို့နယ်တွင် တပ်ကပစ်၍ အရပ်သားနှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ညအချိန် ဆိုင်ကယ်ဖြင့်သွားနေသည့် အရပ်သားနှစ်ဦးကို တပ်မတော်တပ်ရင်းက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် နှစ်ဦးစလုံးတွင် ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

By ဝင်းညွန့် 23 Nov 2019

ဝင်းညွန့် | DMG
နိုဝင်ဘာ ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ညအချိန် ဆိုင်ကယ်ဖြင့်သွားနေသည့် အရပ်သားနှစ်ဦးကို တပ်မတော်တပ်ရင်းက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် နှစ်ဦးစလုံးတွင် ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၉ နာရီကျော်အချိန်က ကိုစိုးမင်းထွန်း ၂၄ နှစ်နှင့် ကိုဇော်ချေ ၂၃ နှစ်တို့နှစ်ဦးမှာ ရွာသာယာကျေးရွာမှ ပုဏ္ဏားကျွန်းမြို့ပေါ်သို့သွားစဉ် ၅၅၀ တပ်ရင်းရှေ့အရောက်တွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒဏ်ရာရရှိသွားသူ၏ မိသားစုဝင်များက ပြောသည်။

“အိမ်ကနေ အမျိုးနေအိမ်ကို ကိစ္စတစ်ခုနဲ့သွားတဲ့အခါ အပစ်ခံရတာ။ အခုတော့ ပုဏ္ဏားကျွန်းဆေးရုံမှာပါ။ ဒဏ်ရာအခြေအနေကတော့ မခွဲရသေးလို့မသိသေးဘူး။ ဓာတ်မှန်တော့ ရိုက်ထားပါတယ်” ဟု ပစ်ခတ်ခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ကိုစိုးမင်းထွန်းမှာ ပေါင်တွင်ဒဏ်ရာရရှိခဲ့ပြီး ကိုဇော်ချေမှာ ခြေသလုံးတွင် ဒဏ်ရာရရှိသွားခဲ့သဖြင့် ပုဏ္ဏားကျွန်းဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

၎င်းတို့နှစ်ဦး ပစ်ခတ်ခံရသည့် ပုဏ္ဏားကျွန်းမြို့နယ်သည် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် မြို့နယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

“၉ နာရီကျော်ဆိုတော့ ပုဏ္ဏားကျွန်းမှာ ညမထွက်ရအမိန့်က ရှိနေတယ်လေ။ အဲဒီအချိန်သူတို့က ၅၅၀ တပ်ရင်းရှေ့က ရန်ကုန်-စစ်တွေလမ်းမမှာ ဆိုင်ကယ်နဲ့ဖြတ်လာတော့ ၅၅၀ တပ်ကပစ်တာ” ဟု ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

သို့သော် တပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ၎င်းဖြစ်စဉ်ကို တင်ပြလာခြင်းမရှိသေးသဖြင့် မသိသေးဟုဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်(၉)မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများရှိနေပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တို့တွင် ညမထွက်ရအမိန့်ကို ဧပြီလမှ စတင်ကာ လက်ရှိအချိန်ထိ ထုတ်ပြန်ထားဆဲဖြစ်သည်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ တိုက်ပွဲကြောင့် အရပ်သား သေဆုံးသူ ၈၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

“ဖမ်းဆီးစစ်ဆေးခံရပြီးနောက် သေဆုံးခဲ့တဲ့ ရခိုင်ပြည်သူတွေအပါအဝင် ပုံမှန်သွားလာလျက်ရှိတဲ့ လမ်းခရီးမှာ စစ်ဆေးခံရန် ရပ်တန့်ခြင်းမရှိဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်တွေနဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေလည်း မကြာသေးမီအချိန်ထိရှိနေသေးတာ အားလုံးအသိပဲဖြစ်ပါတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက နိုဝင်ဘာလ ၁၈ ရက်နေ့ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်တွေမြို့နယ်ဘက်သို့ ည ၁၁ နာရီအချိန်တွင် အလုပ်မှ အိမ်ပြန်လာသူနှစ်ဦးကို မင်းချောင်းတံတားအနီးတွင် တပ်မတော်က တားဆီးပစ်ခတ်ခဲ့သဖြင့် ကိုချစ်သူအောင်ဆိုသူ သေဆုံးသွားခဲ့သည်။

ထို့ပြင် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ကိုစိုးနိုင်ဆိုသူမှာလည်း အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်က ကျောက်တော်မြို့သို့ အလုပ်သွားစဉ် တပ်မတော်ကပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းက ညမထွက်ရအမိန့် ပုဒ်မ (၁၄၄)ထုတ်ပြန်ထားသည့် မြို့နယ်များတွင် ညနေ ၉ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခွင့်မရှိဘဲ ယင်းအချိန်အတွင်း သွားလာသည်ဟုဆိုကာ တပ်မတော်က ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက်မှာလည်း တိုးလာနေသည်။

Related Post : တားမြစ်ချိန်အတွင်းသွားလာသည့် ဒေသခံတစ်ဦးကို တပ်မတော်က ပစ်ခတ်ဖမ်းဆီး

ဗီဒီယိုများ