တိုက်ပွဲကြောင့် မိဘမဲ့ဖြစ်သွားသည့်ကလေးများကို စောင့်ရှောက်ထားသည့် ကမ်းထောင်းကြီးမှ မေတ္တာရိပ်မိဘမဲ့ဂေဟာ အကူအညီလိုအပ်နေ

ရခိုင်ပြည်အတွင်းတိုက်ပွဲများကြောင့် မိဘမဲ့ဖြစ်သွားရသော ကလေးငယ်များကို ကူညီစောင့်ရှောက်ပေးထားသည့် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ “မေတ္တာရိပ်“ မိဘမဲ့ဂေဟာမှာ အကူအညီလိုအပ်နေကြောင်း သိရသည်။

01 Sep 2021

DMG ၊ စက်တင်ဘာ ၁

ရခိုင်ပြည်အတွင်းတိုက်ပွဲများကြောင့် မိဘမဲ့ဖြစ်သွားရသော ကလေးငယ်များကို ကူညီစောင့်ရှောက်ပေးထားသည့် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ “မေတ္တာရိပ်“ မိဘမဲ့ဂေဟာမှာ အကူအညီလိုအပ်နေကြောင်း သိရသည်။

လက်ရှိ မေတ္တာရိပ်ဂေဟာတည်ဆောက်ထားသည့်မြေနေရာမှာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ တစ်နှစ်စာအခမဲ့လှူဒါန်းထားခြင်းဖြစ်သဖြင့် လာမည်ဒီဇင်ဘာလတွင် ပြောင်းရွှေ့ပေးရတော့မည်ဖြစ်ကြောင်း ဂေဟာတာဝန်ရှိသူထံမှ သိရသည်။

ယင်းသို့ပြောင်းရွှေ့ရန် ကမ်းထောင်းကြီး၊ မြို့သစ်ရပ်ကွက် ၊မြို့ဝင်ဝအနီးက (၃)ဧကခန့်ရှိသည့်မြေနေရာကို မြို့မိမြို့ဖများက လှူဒါန်းထားသော်လည်း ယင်းနေရာမှာ မြေဖို့ရန်ငွေကျပ်သိန်း ၃၀၀ ကျော်ခန့်ကုန်ကျနိုင်သဖြင့် ငွေကြေးအခက်အခဲဖြစ်နေကြောင်း မေတ္တာရိပ်မိဘမဲ့ဂေဟာဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဋ္ဌ ဦးကျော်စိုးနိုင်က DMG ကိုပြောသည်။

“ဒီဇင်ဘာလရောက်ရင် ဒီနေရာကပြောင်းရွှေ့ပေးရမယ်။ မြို့မိမြို့ဖတွေက လှူဒါန်းပေးထားတာ ချောင်းနေရာတစ်ခုပေါ့နော်။ အဲဒီနေရာကို မြေဖုံးဖို့အတွက် သိန်း ၃၀၀ ကျော် ၄၀၀ လောက်လိုအပ်တယ်။ ကျနော်တို့မှာ မြေနေရာတစ်ခုရရင် တဲထိုးပြီးနေရလည်း အဆင်ပြေတယ်" ဟု ဦးကျော်စိုးနိုင်က ပြောသည်။

ယင်းသို့မိဘမဲ့ဂေဟာပြောင်းရွှေ့ရန်အခက်အခဲဖြစ်နေသဖြင့် အလှူရှင်များမှ ကူညီထောက်ပံ့ပေးစေလိုကြောင်းလည်း ၎င်းကဆိုသည်။

မေတ္တာရိပ်မိဘမဲ့ဂေဟာတွင် တိုက်ပွဲကာလအတွင်း မိဘမဲ့ဖြစ်သွားခဲ့သည့်ကလေးငယ် ၂၁ ဦးကို စောင့်ရှောက်ထားပြီး အဆိုပါကလေးများတွင် KG တန်းမှ ၁၀ တန်းအထိကလေးများပါဝင်ကြောင်း သိရသည်။

လက်ရှိမှာ ကိုဗစ်ကာလဖြစ်သည့်အတွက် အလှူရှင်များက ကျန်းမာရေးဖက်ကိုသာအလေးပေးလှူဒါန်းနေကြသည့်အတွက် ဂေဟာ၌ အလှူရှင်နည်းပါးကာ စားဝတ်နေရေးလည်း အခက်အခဲဖြစ်နေရသည်ဟု ဦးကျော်စိုးနိုင်ကပြောသည်။

“မိုးရာသီစားသောက်ရေးအဆင်ပြေအောင်အတွက် ဝေဟင်အောင်ပရဟိတအဖွဲ့က ငွေကျပ်သိန်း ၆၀ ထောက်ပံ့ပေးခဲ့တယ်။ အဲဒီငွေနဲ့စားသောက်နေကြတာ။ အလှူရှင်တွေလည်းမရှိသလောက်နည်းတယ်။ လက်ရှိစားရေးသောက်ရေးအတွက် အခက်အခဲရှိသလို မြေနေရာပြောင်းဖို့အတွက်လည်း ငွေလိုအပ်နေပါတယ်“ဟု ၎င်းကဆိုသည်။

အဆိုပါဂေဟာတွင် ဘူးသီးတောင်၊ မြောက်ဦး၊ မြေပုံ၊ အမ်းမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှ တိုက်ပွဲကာလအတွင်းပစ်ခတ်ခံရမှုကြောင့် မိဘသေဆုံးသွားသည့်ကလေးငယ်များ၊ကလေးမွေးဖွားရန်သွားချိန် လမ်းပိတ်ဆို့မှုများကြောင့် မိခင်သေဆုံးသွားပြီးနောက်ကျန်ရှိခဲ့သည့် ကလေးငယ်များ၊ တိုက်ပွဲအကျိုးဆက်ကြောင့်မိဘမဲ့ဖြစ်သွားကြသည့် ကလေး ၂၁ ဦးကို တာဝန်ယူ စောင့်ရှောက်ထားခြင်းဖြစ်သည်။  

မေတ္တာရိပ် မိဘမဲ့ဂေဟာဖြစ်မြောက်ရေးအတွက် ကမ်းထောင်းကြီးမြို့ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။ အဆိုပါဂေဟာတွင် ရခိုင်ကလေးငယ်များအပြင် တခြားလူမျိုးခြား၊ဘာသာခြား မိဘမဲ့ကလေးများကိုလည်း ဆက်လက်လက်ခံသွားမည်ဖြစ်ကြောင်း ကော်မတီမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်တစ်သိန်းကျော်မှာလည်း လက်ရှိအချိန်ထိနေရပ်မပြန်နိုင်ကြသေးပေ။

ဗီဒီယိုများ