ပညာသင်ကာလ မတ်လကုန်ထိ သတ်မှတ်ခြင်းကို ပြင်ဆင်မှုမပြုပါက ၂၀၂၀ ရွေးကောက်ပွဲအား မကူညီကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/မများအဖွဲ့ချုပ် ထုတ်ပြန်

အခြေခံပညာကျောင်းများ၏ ပညာသင်ကာလကို မတ်လကုန်ထိ သတ်မှတ်ခြင်းအပေါ် ပြင်ဆင်မှုမပြုပါက အစိုးရ၏ ၂၀၂၀ ရွေးကောက်ပွဲအား ကူညီဆောင်ရွက်ခြင်းမပြုဘဲ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်က ဇန်နဝါရီ ၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

By မြတ်ဝင်းကျော် 06 Jan 2020

မောင်တောအထက(၁)တွင် ပြုလုပ်သော ပညာရေးဆွေးနွေးပွဲတစ်ခုတွင် တွေ့ရသော ဆရာမများ။ (ဓာတ်ပုံ - ပျံလွှား / DMG)

မြတ်ဝင်းကျော် | DMG
ဇန်နဝါရီ ၅ ၊ ရန်ကုန်

အခြေခံပညာကျောင်းများ၏ ပညာသင်ကာလကို မတ်လကုန်ထိ သတ်မှတ်ခြင်းအပေါ် ပြင်ဆင်မှုမပြုပါက အစိုးရ၏ ၂၀၂၀ ရွေးကောက်ပွဲအား ကူညီဆောင်ရွက်ခြင်းမပြုဘဲ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်က ဇန်နဝါရီ ၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးအပါအဝင် တာဝန်ရှိသူများသည် ပညာသင်ကာလ မတ်လကုန်အထိ သတ်မှတ်ခြင်းကို မြန်မာနိုင်ငံလုံးဆိုင် ဆရာ/ဆရာမ များအဖွဲ့ချုပ်က ကန့်ကွက်ခဲ့ပြီး မြေပြင်အ‌ခြေအနေများကို ထောက်ပြ ရှင်းလင်း အကြံပြုချက်များကို လစ်လျှူရှုကာ ပညာသင်ကာလကို မတ်လကုန်အထိ ဆက်လက် သတ်မှတ်အကောင်အထည် ဖော်လျက်ရှိ‌နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာနေဖြင့် ဤပြသနာကို ပြန်လည် ဆွေးနွေး သုံးသပ် အဖြေရှာခြင်း မပြုပါက ကျွန်ုပ်တို့ ဆရာ၊ ဆရာမထုမှ မိမိတို့၏ မူလနိုင်ငံ့တာဝန်နှင့်သက်ဆိုင်သော အလုပ်များကို ထမ်းဆောင်သွားမည် ဖြစ်သော်လည်း မူလတာဝန်များနှင့် လုံးဝ မသက်ဆိုင်သော အခြားတာဝန်များ ( ဥပမာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲရုံတာဝန်များ )စသည်တို့ကို ကူညီဆောင်ရွက်သွားမည် မဟုတ်ကြောင်း အဆိုပါအဖွဲ့မှ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာ ဇော်မျိုးလှိုင်က ပြောသည်။

လက်ရှိရေးဆွဲထားသော သင်ရိုးသစ် သင်ခန်းစာများသည်လည်း သီတင်းပတ် (၃၆)ပတ်စာ ဖေဖော်ဝါရီလကုန်အထိသာ ရေးဆွဲထားခြင်းဖြစ်ပြီး မတ်လကုန်ထိ စာသင်ကာလ တိုးမြှင့်ခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည်ကို ထူးခြားစွာ တိုးတက်မြင့်မားစေမည် မဟုတ်ဘဲ အမှတ်တကယ်တွင် မတ်လအတွင်း၌ စာသင်ရက်မှာ (၅) ရက်သာ ရှိပြီး စာသင်ချိန် တိုးမြှင့်ခြင်းလည်း မဟုတ်ဘဲ စာမေးပွဲရက် ရွှေ့ဆိုင်းခြင်းသဘောသာ သက်ရောက်နေကြောင်း ဆိုထားသည်။

"တကယ်က စာသင်ကာလတိုးတာလည်းမဟုတ် ၄ ၊ ၈ ၊ ၁၀ တန်းစာမေးပွဲတွေကို အရင်စစ်ပြီးမယ်။ အဲဒီအချိန် ကျောင်းပိတ်ထားရမယ်။ ပြီးမှ ကျန်တဲ့အတန်းတွေ နောက်စစ်မယ်ပေါ့။ ဆိုတော့ မတ်လထဲမှာ စာမေးပွဲတွေ စုပုံကျသွားမယ်။ ဆရာ/ဆရာမ တွေ မှာလည်း ပိုမိုဝန်ထုတ်ဝန်ပိုး ဖြစ်သွားသလို ကလေးတွေလည်း ရာသီဥတုဒဏ်ခံရမယ်။ ကျောင်းတစ်လနီးပါး ပိတ်ပြီး ပြန်စာမေးပွဲ ဖြေဖို့ကျတော့ မြေပြင်မှာ ခက်ခဲတယ်" ဒေါက်တာ ဇော်မျိုးလှိုင်က ရှင်းပြသည်။

ထိုသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်မှ ကန့်ကွက်ကာ ပြန်လည်သုံးသပ်ခိုင်းထားစဉ် ဇန်နာဝါရီ ၂ ရက်နေ့တွင် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က မိဘများ စီးပွားရေး အောင်မြင်အောင်လုပ်ရန် အာရုံစူးစိုက်လုပ်စေလိုသောကြောင့် ကျောင်းများကို မတ်လထိ ဆက်ဖွင့်ထားရကြောင်း မီဒီယာများသို့ ဖြေကြားခဲ့သည်။

"ဝန်ကြီး‌ဖြေသွားတာက ခိုင်လုံတဲ့ ပညာရေးဆိုင်ရာ အကြောင်းပြချက်မဟုတ်ဘူး မဆီမဆိုင်‌ပြောတာဖြစ်နေတယ်" ဟု ဒေါက်တာ ဇော်မျိုးလှိုင်က ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အခက်အခဲများကို လစ်လျှူရှုကာ အောက်ခြေ၏ သဘောထားဆန္ဒများ မပါဝင်ဘဲ အတင်းအဓမ္မပြု စာသင်ကာလ တိုးမြှင့်မှုပြုခြင်းသည် ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ရာရောက်ပြီး ရွေးကောက်ခံ အစိုးရ၏ ပုံရိပ်ကိုလည်း ကျဆင်းစေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ဗီဒီယိုများ