မြပတ္တမြား ဥယျာဉ်တွင်းမှ ပေါင်ဝန်တံတားကို လာရောက်လည်ပတ်သူများပြား

ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေအနီး ဂေါ့ရပ်ကွက် ထီးထူတောင်ဘုရားအနီးရှိ မြပတ္တမြား ဥယျာဉ်အတွင်း ဒီရေတောအခြေခံ ဆောက်လုပ်ထားသည့် ပေါင်ဝန်တံတားမှာ နေ့စဉ် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျှက်ရှိနေသည်။

19 May 2021

DMG | မေ ၂၀

ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေအနီး ဂေါ့ရပ်ကွက် ထီးထူတောင်ဘုရားအနီးရှိ မြပတ္တမြား ဥယျာဉ်အတွင်း ဒီရေတောအခြေခံ ဆောက်လုပ်ထားသည့် ပေါင်ဝန်တံတားမှာ နေ့စဉ် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျှက်ရှိနေသည်။

အဆိုပါ ပေါင်ဝန်တံတားကို တစ်နေ့လျှင် လာရောက်လည်ပတ်သူ ဦးရေ ၁၀၀ ကျော်နီးပါးထိ ရှိနေပြီး လာရောက်လည်ပတ်သူအများစုမှာ ပြည်တွင်းမှ ခရီးသည်များဖြစ်သည်ဟု မြပတ္တမြားဥယျာဉ်မိသားစု အုပ်ချုပ်မှုဒါရိုက်တာ ဦးသန့်ဇော်ဦးက ပြောသည်။

"လာရောက်လည်ပတ်သူတွေကိုတော့ ပြည်တွင်းကများတယ်။ တစ်နေ့ကို လူဦးရေ ၁၀၀ လောက်တော့ ရောက်တယ်ဗျာ့။  ဒါကို အကောင်အထည်ဖော်တာက ၂၀၁၉ ကစပြီး အကောင်အထည်ဖော်ခဲ့တယ်။ ၂၀၁၉ မှာပဲ တံတားပြီးပြီ။ ဧပြီလထဲမှာ ဖွင့်ခဲ့တယ် COVID-19 ကြောင့် ၂၀၂၀ မတ်လမှာ ပြန်ပိတ်တယ်။ ၂၀၂၁ ဧပြီမှာ ထပ်မံဖွင့်ခဲ့တယ်။ လူသိများလာတာကတော့ လာရောက်သူတွေက ဓာတ်ပုံရိုက်ပြီး Facebook ပေါ်မှာ တင်ရာက လူသိများလာတယ်” ဟု သူကဆိုသည်။

ပေါင်ဝန်တံတား Facebook Page ပေါ်တွင် တင်ထားသော ဓာတ်ပုံများဖြစ်သည်

အဆိုပါ မြပတ္တမြား ဥယျာဉ်မှာ ငပလီကမ်းခြေနှင့် ၅ မိုင်ခန့်ကွာဝေးပြီး ဥယျာဉ်ကို ၅ နှစ် စီမံကိန်းဖြင့် တည်ဆောက်လျက် ရှိနေကာ လက်ရှိအချိန်တွင် ၃၀ ရာခိုင်နှုန်းခန့်သာ ပြီးစီးသေးကြောင်းလည်း သိရသည်။

လက်ရှိ မြပတ္တမြား ဥယျာဉ်အတွင်းရှိ တည်ဆောက်ထားသော ပေါင်ဝန်တံတားဟု အမည်ပေးထားခြင်းမှာ (Pleasant Aromatic Odor, Wonderful Unforgettable Nature) ဖြစ်ပြီး မြန်မာဘာသာဖြင့် နှစ်လိုဖွယ်ကောင်းသတင်းရနံ့နှင့်ပြည့်စုံပြီး အမြဲအမှတ်ရနေမည့် သဘာဝအလှကို အခြေခံထားသော ထူးခြားသောနေရာဟု အဓိပ္ပာယ်ဖြင့် ရှေ့စာလုံးဖြစ်သော (PAOWUN) အစွဲပြုထားခြင်းဖြစ်ကြောင်းလည်း ဦးသန့်ဇော်ဦးက ပြောသည်။

မြပတ္တမြားဉယျာဉ်ကို လာရောက်လည်ပတ်သူများအနေဖြင့် ပေါင်ဝန်တံတားအပြင် ဒီရေတောများ၏ သဘဝအလှတရားကို ကြည်ရှု့ခံစားနိုင်မည့် မျှော်စင်တစ်ခုနှင့် ရခိုင်ရိုးရာ သမိုင်းဝင် အမှတ်တရ အငွေ့အသက်များကိုပါ ခံစားနိုင်စေရန် လုပ်ဆောင်ထားသည်ဟုလည်း သိရသည်။

ပေါင်ဝန်တံတား Facebook Page ပေါ်တွင် တင်ထားသော ဓာတ်ပုံများဖြစ်သည်

"ဒီကိုလာလည်ရင် ရခိုင်ရဲ့ အငွေ့အသက်တွေရရှိစေဖို့ ဗျာလရုပ်တုတွေ ရခိုင်ရိုးရာဝတ်စုံဝတ်ထားတဲ့ မောင်နှံစုံတွဲ ပြီးတော့ ပေ ၅၀၀ ရှည်တဲ့ ပေါင်ဝန်တံတား ပြီးတော့ ဒီရေတောတွေကို ခံစားလို့ရမယ့်မျှော်စင် ပြီးတော့ ရေပန်းတွေကို မြင်ရမယ်။ နောက်ထပ်ကတော့ ကလေးရေကစားကန်တွေ ဘာတွေ ထပ်ဖြည့်သွားဖို့ရှိတယ် "ဟု ဦးသန့်ဇော်ဦးကပြောသည်။

ယင်းအပြင် ပေါင်ဝန်ဆိပ်ခံတံတားမှ စက်လှေဖြင့် လည်ပတ်သွားမည်ဆိုလျှင် ရေကြောင်းလမ်းဖြင့် ဆင်ခေါင်းသဲဖြူကျွန်းကမ်းခြေအထိ ရောက်ရှိပြီး ဓနိတောများ ငါးဖမ်းလှေများ ရေငုပ်သမားများကို တွေ့မြင်ရမည်ဖြစ်သလို လမ်းတွင်လည်း ဒီရေတောများ၏ သဘာဝအငွေ့အသက်များကို ခံစားနိုင်မည်ဖြစ်သည်။

ဗီဒီယိုများ