စစ်တွေမြို့တွင်မီးပျက်ချိန် မီးပွိုင့်များမှာ အချက်ပြမီးမရှိသဖြင့် ယာဉ်ကြောရှုပ်ထွေးမှုများဖြစ်ပေါ်

စစ်တွေမြို့တွင် လျှပ်စစ်မီးပျက်ချိန်၌ မီးပွိုင့်များမှာ အချက်ပြမီးမရှိသဖြင့် ယာဉ်ကြောရှုပ်ထွေးမှုများနှင့်ကြုံ့တွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

01 Jan 2022


DMG ၊ ဇန်နဝါရီ ၁

စစ်တွေမြို့တွင် လျှပ်စစ်မီးပျက်ချိန်၌ မီးပွိုင့်များမှာ အချက်ပြမီးမရှိသဖြင့် ယာဉ်ကြောရှုပ်ထွေးမှုများနှင့်ကြုံ့တွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

လျှပ်စစ်မီးပျက်ချိန် မီးပွိုင့်များပုံမှန်အလုပ်လုပ်ရန် ဘတ္ထရီစနစ်ဖြင့် အစားထိုးလုပ်ဆောင်စေလိုကြောင်း စစ်တွေမြို့ခံများကပြောဆိုသည်။

စစ်တွေမြို့တွင် ယခုနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှု မကြာခဏဖြစ်လာကာ မီးပွိုင့်များမှာလည်း အချက်ပြမီးမလင်းသောကြောင့် မော်တော်ယာဉ်မောင်းနှင်သူ၊ ဆိုင်ကယ်မောင်းနှင်သူများအပြင် လမ်းဖြတ်ကူးသူများအနေဖြင့် ယာဉ်မတော်တဆမှုဖြစ်မည်ကို စိုးရိမ်နေရကြောင်း စစ်တွေမြို့ခံ မဝင်းမြင့်ကပြောသည်။

“မီးသေသွားတာနဲ့ လမ်းတွေအကုန်လုံး ရှုတ်ယှက်ခတ်သွားတယ်။ တစ်ခါတစ်လေဆို ကားကြီးတွေနဲ့ဆိုင်ကယ်တွေက လမ်းဆုံလမ်းခွတွေမှာ အမြန်ဖြတ်မောင်းကြတယ်။ အရမ်းဖြတ်မောင်းတာတွေ တိုက်မိမှာကိုလည်းစိုးရိမ်တာပေါ့”ဟု ၎င်းကပြောသည်။

နောက်ထပ်စစ်တွေမြို့ခံတစ်ဦးဖြစ်သည့် ကိုနိုင်လင်းအောင်ကလည်း စစ်တွေမြို့မှမီးပွိုင့်များအတွက် သီးသန့်ထိန်းသိမ်းနိုင်မည့် မီးများရှိသင့်ကြောင်းပြောသည်။

“EPC မီးပျက်ရင်လည်း မီးပွိုင့်တွေကို သီးသန့်ထိန်းနိုင်တဲ့ မီးတစ်ခုတော့ထားသင့်တယ်။ အနီးအနားတွေမှာလည်း ရဲကင်းရုံးတွေရှိနေတာပဲ၊ မီးပွိုင့်ကို မီးသေရင်ထိန်းနိုင်တာတစ်ခုရှိရင်တော့ ကောင်းတာပေါ့”ဟု ၎င်းကဆိုသည်။

ယင်းသို့မီးပျက်ချိန်တွင် မီးပွိုင့်များမှ အချက်ပြမီးမရပ်သွားစေရန် ပြီးခဲ့သည့် NLD အစိုးရလက်ထက်ကတင်ပြခဲ့ကြောင်း အမှတ်(၅)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရခိုင်)မှ ဒုတပ်ခွဲမှူး မြတ်မိုးကျော်သူက DMG သို့ပြောသည်။

“ဒီကိစ္စကိုအဆင်ပြေအောင် အခုအစိုးရလက်ထက်မှာ နောက်ထပ်တစ်ကြိမ် ထပ်မံတင်ပြတောင်းဆိုသွားမယ့် အစီအစဉ်ရှိပါတယ်”ဟု ၎င်းကဆိုသည်။

စစ်တွေမြို့တွင် မီးပွိုင့်ခုနှစ်ခုရှိပြီး ဘတ္ထရီအင်ဗက်တာတပ်ဆင်မည်ဆိုပါက ကျပ်သိန်း ၂၀ မှ ၃၅ သိန်းဝန်းကျင်ခန့် ကုန်ကျနိုင်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှသိရသည်။

ဗီဒီယိုများ