တင်းမဖမ်းဆီးမှုကိစ္စ ရာအိမ်မှူးအပါအဝင် မျက်မြင်သက်သေသုံးဦးကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကြီးနှင့် တင်းမ(သစ်)ကျေးရွာတို့မှ ပျောက်ဆုံးနေသူများနှင့်အတူ တောင်ရှည်တောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ပြန်လွတ်လာခဲ့သည့် မျက်မြင်သက်သေ သုံးဦးကို မြောက်ဦးခရိုင်ရဲစခန်းက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။

By နှင်းနွယ် 01 Jan 2021



နှင်းနွယ် | DMG
ဇန်နဝါရီ ၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကြီးနှင့် တင်းမ(သစ်)ကျေးရွာတို့မှ ပျောက်ဆုံးနေသူများနှင့်အတူ တောင်ရှည်တောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ပြန်လွတ်လာခဲ့သည့် မျက်မြင်သက်သေ သုံးဦးကို မြောက်ဦးခရိုင်ရဲစခန်းက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။

စစ်ဆေးမှုခံယူခဲ့ရသူများမှာ တင်းမကြီးကျေးရွာမှ ရာအိမ်မှူးဖြစ်သူ ဦးမောင်ထွန်းမြင့်နှင့် ရပ်မိရပ်ဖများ ဖြစ်ကြသည့် ဦးကျော်အေးနှင့် ဦးကျော်သိန်းတို့ဖြစ်ကြသည်။

၎င်းတို့သုံးဦးမှာ တပ်မတော်သားများ ရွာထဲဝင်လာစဉ်ကတည်းက တပ်မတော်သားများနှင့် တွေ့ဆုံ စကားပြောဆိုခဲ့မှုများရှိသလို တောင်ပေါ်သို့ဖမ်းခေါ်ရာတွင်လည်း ပါရှိခဲ့သူများဖြစ်သဖြင့် မျက်မြင်သက်သေ အနေဖြင့် ခေါ်စစ်ဆေးခံရခြင်းဖြစ်သည်ဟု စစ်ဆေးခံခဲ့ရသူ ရာအိမ်မှူး ဦးမောင်ထွန်းမြင့်က DMG သို့ ပြောသည်။

“ကျနော်တို့က အခုပျောက်နေတဲ့တင်းမကြီးရွာသား ၁၀ ဦးနဲ့အတူ တောင်ရှည်တောင်အထိ ဖမ်းခေါ်ခံခဲ့ရတာ။ တောင်ပေါ်ရောက်တော့မှ ဗိုလ်ကြီးကဖုန်းနံပါတ်တစ်လုံးပေးပြီး မနက်ဖန် ၈ နာရီဆိုရင် ခင်ဗျားတို့ကို ဖုန်းဆက် လိုက်မယ်။ အဲဒီအချိန်ကျရင် ကိုယ့်ရွာသားတွေကို ပြန်လာခေါ်ကြဆိုပြီးလွှတ်ပေးလိုက်တာ။ မနက်ရောက်တော့ ဖုန်းလည်းမဆက်ဘူး။ ဒါကြောင့် သက်သေအဖြစ် ကျနော်တို့ကို ခေါ်စစ်တာထင်တယ်” ဟု ၎င်းကပြောသည်။

စစ်ဆေးရာတွင်လည်း မြောက်ဦးခရိုင်ရဲမှူးက တပ်မတော်သားများရွာထဲသို့ ဝင်ရောက်လာပြီးနောက် မည်သို့ လုပ်ဆောင်ခဲ့သည်များကို မေးမြန်းခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

“အဲဒီနေ့က အုပ်ချုပ်ရေးမှူးမရှိတော့ ရာအိမ်မှူးကိုလှမ်းခေါ်လို့ ကျနော်လိုက်သွားခဲ့တယ်။ ရောက်သွားတော့ အိမ်တစ်အိမ်မှာ ရွာသား ၃၀ လောက်ကို နောက်ပြန်ကြိုးတုပ်ပြီးဖမ်းထားတယ်။ နောက်လူတွေကိုလည်း မျက်နှာကိုကြည့်ပြီး သူတို့မကျေနပ်ရင်ကြိုးတုပ်ဖမ်းခိုင်းတယ်။ ဒါတွေကိုအကုန်ပြောပြခဲ့တယ်။ ခရိုင်မှူး ကတော့ ဒီကိစ္စအတွက် အမှန်တရားတစ်ခုခုပေါ်အောင်တော့ လုပ်ပေးမှာပါလို့ပြောတယ်” ဟု ရာအိမ်မှူး ဦးမောင်ထွန်းမြင့်က ဆိုသည်။
တင်းမဖြစ်စဉ်မှာ မှန်ကန်မှု ရှိ၊ မရှိကို မြောက်ဦးခရိုင်ရဲစခန်းမှတာဝန်ယူကာ စုံစမ်းစစ်ဆေးသွားမည်ဟု သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များထံ အကြောင်းကြားပြောဆိုခဲ့ပြီး ပျောက်ဆုံးနေသူ၏ မိသားစုဝင်များကိုလည်း ဒီဇင်ဘာလ ၂၉ ရက်နေ့က သီးခြားခေါ်ယူမေးမြန်းခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ စစ်ဆေးမှုများနှင့်ပတ်သက်ပြီး မြောက်ဦးခရိုင်ရဲစခန်းအား ဆက်သွယ်မေးမြန်းရန်ကြိုးပမ်း ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်းက မင်းပြားမြို့နယ်အတွင်း (WHO)ကျန်းမာရေးဝန်ထမ်းတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားသည့်ကိစ္စအား စုံစမ်းစစ်ဆေးရေးကော်မရှင်များဖွဲ့ကာ စစ်ဆေးခဲ့သော်လည်း အမှုမှန် မပေါ်ပေါက်ဘဲပျောက်ဆုံးသွားခဲ့သလို တင်းမကိစ္စမှာလည်း အမှုမှန်မပေါ်ပေါက်ဘဲ ကြား၌ပျောက်ဆုံးသွား မည်ကိုမလိုလားကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ဆိုသည်။

“ကျနော်တို့မြန်မာနိုင်ငံမှာ စုံစမ်းရင်းစုံစမ်းရင်းနဲ့ ပျောက်သွားတဲ့ကိစ္စတွေ အများကြီးရှိတယ်။ တကယ်လို့ ကော်မရှင်ဖွဲ့လိုက်တယ်ဆိုရင် သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ပြည်သူတွေသိအောင်ချပြရမယ်။ စုံစမ်း စစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူက တင်ပြလာတဲ့အရာတွေကိုလည်း အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ပေးရမယ်။ စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ဒေသတွေမှာ တရားမျှတမှုရရှိဖို့ဆိုတာက အရမ်း ခက်ခဲတယ်။ ဒါတွေက အစိုးရမှာပဲတာဝန်ရှိတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နှင့် ၁၆ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုသည် တင်းမကြီး ကျေးရွာနှင့် တင်းမသစ်ကျေးရွာအတွင်းသို့ဝင်ရောက်လာကာ ရွာသား(၅၀)ကျော်အား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်များနှင့်ဒေသခံများက ပြောသည်။

ယင်းထဲမှ ရွာသားအချို့အားစစ်ဆေးပြီးနောက်ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ရွာသား ၁၈ ဦးတို့မှာ ပြန်လွှတ်မလာခဲ့ဘဲ ယနေ့အထိ သတင်းအစအနပျောက်ဆုံးနေခြင်းဖြစ်သည်။

ပျောက်ဆုံးနေသူ(၁၈)ဦးမှာ တင်းမကြီးကျေးရွာမှ ဦးထွန်းမောင်ဝင်း၊ ဦးအောင်ညွှန့်၊ ဦးကြည်လင်း၊ မောင်ဝင်းစိန်၊ မောင်ဝင်းကြီး၊ မောင်ဝင်းချေ၊ ဦးသန်းမောင်ထွန်း၊ ဦးယဉ်မောင်၊ မောင်ထွန်းထွန်းဝေ၊ ကိုနေလင်းဦးနှင့် တင်းမ(သစ်)ကျေးရွာမှ ဦးလှကျော်ကြီး၊ ဦးမောင်စိတ်ကြီး၊ ဦးမောင်ထွန်းစိန်၊ ဦးကျော်ဝင်းမောင်၊ ဦးမောင်သန်းစိုး၊ ဦးမောင်မြအေး၊ ဦးစံသာမောင်နှင့် ဦးစောရွှေသန်းတို့ဖြစ်ကြသည်။

ဗီဒီယိုများ