ကျောက်တော်ဒေသခံတစ်ဦးအား တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များပြော

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာသားတစ်ဦးအား ယမန်နေ့(စက်တင်ဘာ ၂၇ ရက်) က တပ်မတော်စစ်ကြောင်းတစ်ခုမှ ကျေးရွာအတွင်းသို့ဝင်ရောက်ကာ ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ပြောသည်။

By နှင်းနွယ် 28 Sep 2020

 

နှင်းနွယ် | DMG
စက်တင်ဘာ ၂၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာသားတစ်ဦးအား ယမန်နေ့(စက်တင်ဘာ ၂၇ ရက်) က တပ်မတော်စစ်ကြောင်းတစ်ခုမှ ကျေးရွာအတွင်းသို့ဝင်ရောက်ကာ ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ပြောသည်။

တပ်မတော်စစ်ကြောင်းမှ အဆိုပါကျေးရွာသို့ဝင်ရောက်လာကာ ကိုမောင်ပိန်အောင် အသက်(၃၆)နှစ်နှင့် ကိုစိန်ထွန်းဝင်း အသက်(၃၅)နှစ်တို့အား နေအိမ်မှခေါ်ထုတ်ကာ ဘုန်းကြီးကျောင်း၌ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများကဆိုသည်။

ထို့နောက် စစ်ကြောင်းပြန်ခါနီးတွင် ၎င်းတို့ထဲမှတစ်ဦးကိုပြန်လွှတ်ပေးခဲ့သော်လည်း ကိုမောင်ပိန်အောင် ဆိုသူအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်ဂူစုကျေးရွာမှ ကျောင်းထိုင်ဆရာတော်အရှင်ဘုရားက DMG သို့ မိန့်သည်။

“သူတို့နှစ်ယောက်ကို ဘုန်းကြီးကျောင်းမှာဖမ်းထားပြီးတော့ ရွာကရပ်မိ၊ရပ်ဖတွေကိုခေါ်ပြီးမေးမြန်းတယ်။ ပြီးတော့ သူတို့(တပ်မတော်)ပြန်ခါနီး တစ်ယောက်ကိုတော့ လွှတ်ပေးခဲ့တယ်။ နောက်တစ်ယောက်ကိုတော့ ဖမ်းပြီးခေါ်သွားတယ်။ အခု သူ့ကို ကျောက်တော်မြို့ပေါ် တပ်ရင်းတစ်ခုမှာ ဖမ်းထားတယ်လို့တော့ သတင်းကြားတယ်” ဟု ဆရာတော်က မိန့်သည်။

ကိုမောင်ပိန်အောင် ဖမ်းဆီးခံရပြီးနောက် နာရီဝက်ခန့်အကြာတွင် တပ်မတော်သားများမှ ၎င်းတို့နေအိမ်အား ထပ်မံလာရောက်စစ်ဆေးခဲ့ပြီး စပါးကျီထဲမှမိုင်းတစ်လုံးတွေ့ရှိသည်ဟုဆိုကာ ဇနီးဖြစ်သူကိုပါ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ကျမယောက်ျားကို ဖမ်းခေါ်သွားတုန်းက ကျမကဈေးမှာ၊ သူ့ကိုခေါ်သွားတာကိုတော့ လမ်းကမြင်လိုက်တယ်။ ကျမအိမ်ကိုရောက်တာနဲ့ တပ်မတော်သားတွေက အိမ်ကိုထပ်လာပြီးတော့ စပါးကျီကိုစစ်မယ်ဆိုပြီး ပြောတယ်။ ပထမတော့ ကျမကိုတက်ခိုင်းတယ်။ ကျမက တက်လို့မရဘူးပြောတော့ သူတို့ထဲက တစ်ယောက်က တက်သွားတယ်။ ပြီးတော့မိုင်းတွေ့တယ်ဆိုပြီး လာပြတယ်။ မိုင်းကိုအတင်းကိုင်ခိုင်းပြီးတော့ ကျမကို ဓာတ်ပုံ ရိုက်တယ်။ ပြီးတော့ ဘုန်းကြီးကျောင်းကို ဖမ်းခေါ်သွားတယ်။ ပြန်ခါနီးမှ လွှတ်ပေးခဲ့တာ’’ ဟု ကိုမောင်ပိန်အောင်၏ ဇနီးဖြစ်သူ မမေထွီးချေက ပြောသည်။

တပ်မတော်သားများ ဖမ်းခေါ်သွားသည့် ကိုမောင်ပိန်အောင်ဆိုသူမှာ ကျေးရွာ၌ရိုးသားစွာ လယ်ယာလုပ်ကိုင် စားသောက်နေသူဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့များနှင့် တစ်စုံတစ်ရာ ပတ်သက်မှုမရှိကြောင်းနှင့် လုပ်ကြံခံရ ခြင်းသာဖြစ်ကြောင်း ဇနီးဖြစ်သူက ဆက်ပြောသည်။

“ကျမယောကျာ်းက ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်မှုမရှိဘူး။ ဖုန်းအဆက်အသွယ်လည်း မရှိဘူး။ ဒါကိုတော့ ကျမရဲရဲကြီးအာမခံတယ်။ သူက ကိုယ့်ဘာသာ အေးဆေးနေတာ။ အိမ်က မိုင်းတွေ့သွားတာတောင် ကျမ ယောကျ်ားမသိဘူး။ မိုင်းကိုလည်း တပ်မတော်သားတွေက သူ့တို့ရှာပြီး သူတို့တွေ့သွားတာ’’ဟု ၎င်းကဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် ကျေးရွာများသို့ အကြောင်းမဲ့သက်သက် ဝင်ရောက်ဖမ်းဆီးခြင်းများမရှိကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ယခုဖမ်းဆီးမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ စက်တင်ဘာလ ၂၈ ရက် ညနေပိုင်း အထိ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပေ။

ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာတွင် ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့ကလည်း တပ်မတော် စစ်ကြောင်းတစ်ခု ဝင်ရောက်လာကာ နေအိမ်များအား စစ်ဆေးနေစဉ် ရွာအပြင်ဘက်ရှိ စိုက်ခင်းမှပြန်လာသူ တစ်ဦးအား ရွာထဲမှသေနတ်ဖြင့်လှမ်းပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း ရွာသားများကပြောဆိုကြသည်။

ယခုဖမ်းဆီးခံရသူ ကိုမောင်ပိန်အောင်မှာ ယခင်ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့သည့် ဦးစိန်သာအောင် ၄၀ နှစ်၏ ညီအရင်းဖြစ်ကြောင်းလည်း မိသားစုဝင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့် လာနေပြီး တိုက်ပွဲကာလအတွင်း သံသယဖြင့် အရပ်သားများဖမ်းဆီးခံရမှု၊ တရားစွဲဆိုခံရမှုများ တဖြည်းဖြည်း များလာနေသည်။

DMG က ကောက်ယူထားသည့်စာရင်းအရ ၂၀၂၀ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလ လက်ရှိအချိန်ထိ ရခိုင်တွင် သံသယဖြင့်ဖမ်းဆီးခံရသည့် အရပ်သားစုစုပေါင်း(၄၀)ဦးအထိရှိသည်။

ဗီဒီယိုများ