စစ်တွေတွင် Quarantine center မထားတော့ဘဲ Positive center သာ ထားမည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် Quarantine center မထားတော့ဘဲ positive center သာ ထားတော့မည်ဖြစ်ကြောင်း သိရသည်။

27 Jul 2021

DMG ၊ ဇူလိုင် ၂၇

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် Quarantine center မထားတော့ဘဲ positive center သာ ထားတော့မည်ဖြစ်ကြောင်း သိရသည်။

ယခင်က အနယ်နယ်အရပ်ရပ်မှ လာသည့်လူများကို Quarantine center များထားရှိပြီး ကိုဗစ်ထိန်းချုပ်မှု ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် ကိုဗစ်ကူးစက်လူနာများလာခြင်းနှင့် ဆေးဝန်ထမ်းများ လုံလောက်မှုမရှိသည့် အနေအထားဖြစ်သည့်အတွက် Quarantine center များမထားတော့ဘဲ positive center များသာ ထားရှိမည်ဖြစ်ကြောင်း ပြည်နယ်ကောင်စီက ပြောသည်။

"ကျနော်တို့က လေဆိပ်မှာနာမည်စာရင်းကောက်တယ်၊ အပူချိန်တိုင်းတယ်၊ ကိုဗစ်ရှိရင် ဆေးရုံပို့တယ်။ ဘာကြောင့်လဲဆိုတော့ လာတဲ့လူတွေကို quarantine ထားမယ်ဆိုလို့ရှိရင် လက်ရှိလူနာတွေကို ကုနေရတဲ့အနေအထားနဲ့ quarantine center တွေ အများကြီးထားရမယ်ပေါ့နော်၊ ဒါမျိုးတွေကို တခြားဒေသတွေမှာလည်း ထားတဲ့အနေအထားမှာမရှိဘူး။ မရှိတော့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးတော့ လုပ်ရတာကို ကျနော်တို့ သဘောနဲ့လုပ်နေကြတာမဟုတ်ဘူး” ဟု ပြည်နယ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းကပြောသည်။

Stay home သတ်မှတ်ထားသည့် မြို့နယ်များမှ လာသူများကို လေဆိပ်မှာပင် မည်သည့်နေရာမှလာခြင်း စသည့်အချက်အလက်များနှင့် အမည်စာရင်းကောက်ယူခြင်းများကို ပြုလုပ်ပြီး ကိုဗစ်စစ်ကာ အပူရှိသူများကိုဆေးရုံသို့ပို့ပြီး နေကောင်းသူများကိုသွားခွင့်ပြုကြောင်း သိရသည်။

ကိုဗစ်ပိုးတွေ့ရှိခြင်းမှာ ယခင်အခြေအနေများနှင့်မတူတော့ဘဲ ပိုးကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားသည့်အတွက် ကိုဗစ် positive လူနာများနှင့် ချိတ်ဆက်သူများကိုထားရန် အဆင် မပြေကြောင်း ယခင်က Quarantine center များဖွင့်လှစ် ရာတွင်ပါဝင်ခဲ့သည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ ကိုဇော်ဇော်ထွန်းကပြောသည်။

"အခုက အရင်ကနဲ့မတူတော့ဘူးပေါ့နော်၊ အရင်ကဆိုရင် positive တွေ့တဲ့လူနာရော၊ အချိတ်အဆက်ရှိတဲ့ လူနာတွေကိုပါ quarantine ထားတာကို အခုကကျယ်ကျယ်ပြန့်ပြန့် ကူးသွားပြီဆိုတော့ အဲဒီလူတွေအကုန်လုံးကိုသာထားမယ်ဆိုရင် quarantine center အခုတစ်ရာနဲ့လည်း လောက်မှာမဟုတ်ဘူးပေါ့၊ ဆိုတော့ လေယာဉ်နဲ့လာတဲ့သူတွေကို ထားမယ်ဆိုရင်လည်း အများကြီးပေါ့နော်၊ လာနေတဲ့လူတွေအကုန်းလုံးကလည်း အခုအခြေအနေမှာ stay home နဲ့ နေနေကြတယ်ပေါ့နော်” ဟု ပြောသည်။

ပြည်နယ်ကောင်စီအနေဖြင့် စစ်တွေတက္ကသိုလ်ဟောင်းတွင် ကိုဗစ် positive လူနာ ၁၅ဝ ဦးနှင့် စစ်တွေပြည်သူဆေးရုံတွင် positive လူနာ ၂၀၀ ဦးတို့ကို ထားရှိရန်စီစဉ်ထားကြောင့် ဦးလှသိန်းကပြောသည်။

သို့သော်လည်း လက်ရှိတွင် မည်သည့် center မှ တိတိကျကျမဖွင့်နိုင်သေးကြောင်း ကိုဇော်ဇော်ထွန်းက ဆိုသည်။

"အခုက Quarantine center အနေနဲ့လည်း ထားလို့မရသေးဘူး၊ လောလောစဉ်မှာ positive center လည်း မထားသေးဘူး၊ ဟိုမကျဒီမကျ ဖြစ်နေတယ်။ အဓိကတော့ သူတို့မှာ အစီအစဉ်ရှင်းရှင်းလင်းလင်း မကျသေးဘူး။ သူတို့ဆီက ဘယ်လိုလုပ်ရမှာလဲဆိုတဲ့ ညွန်ကြားချက်တိတိကျကျ မလာသေးဘူး၊ ဆေးရုံမှာလည်း လူဘယ်လောက်ဆံ့မှာမို့လဲ။ လူနာက အကန့်အသတ်ရှိတာကို။ လေကြောင်းလမ်းတွေပိတ်ရင် တမျိုးလေ၊ လေကြောင်းလမ်းတွေလည်း မပိတ်ပဲထားရင် ပိုးတွေလူနာတွေတဖြည်းဖြည်းများလာမယ်၊ အဲဒီလိုမျိုးလည်းရှိသေးတယ်" ဟု ပြောသည်။  
အကယ်၍ positive center ကို ဆေးရုံတွင်မလောက်၍ ပြင်ပတွင်ဖွင့်မည်ဆိုလျှင်လည်း ကိုဗစ်ကူးစက်ခံရသူမှာ ရောဂါလက္ခာဏာအနည်းငယ်ပြ၍ မစိုးရိမ်ရသည့်လူကိုသာ ထားသင့်ကြောင်းနှင့် တာဝန်ကျသည့် ကျန်းမားရေးဝန်ထမ်းအသင်းအဖွဲ့တစ်ခုနှင့် ဆေးဝါးပစ္စည်းများလည်းရှိရန်လိုအပ်ကြောင်း ကိုဇော်ဇော်ထွန်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် မေလ ၁၂ ရက်နေ့မှ ဇူလိုင်လ ၂၆ ရက်နေ့ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၂၃၄၃ ဦးရှိလာပြီး ယင်းအထဲမှ သေဆုံးသူ ၁၂၀ ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ဗီဒီယိုများ