ရခိုင်မြောက်ပိုင်းတွင် ပိုးသတ်ဆေးကုမ္ပဏီကားတစ်စီး ပစ်ခတ်ခံရမှုကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း CPS ပိုးသတ်ဆေး ကုမ္ပဏီမှ ဆေးပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့က ပစ်ခတ်ခံရ၍ ယာဉ်မောင်းတစ်ဦး သေဆုံးကာ အခြားတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က ပြောသည်။

By ဝင်းညွန့် 22 Apr 2020

ယာဉ်မောင်း ဦးနွယ်နွယ်မောင်မှာ ပစ်ခတ်ခံရ၍ ယင်းနေရာတွင်ပင်သေဆုံးသွားသည်။ (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ဝင်းညွန့် | DMG
ဧပြီ ၂၂ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း CPS ပိုးသတ်ဆေး ကုမ္ပဏီမှ ဆေးပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့က ပစ်ခတ်ခံရ၍ ယာဉ်မောင်းတစ်ဦး သေဆုံးကာ အခြားတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က ပြောသည်။

ယင်းကုမ္ပဏီကားသည် ရာမောင်တံတားအလွန်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ယာဉ်မောင်း ဦးနွယ်နွယ်မောင်မှာ ယင်းနေရာတွင်ပင် သေဆုံးသွားသည်။ ဒဏ်ရာရရှိသွားသူ မောင်ဟိန်းထက်ဦးမှာ ဝမ်းဗိုက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

“သူတို့ ပစ်ခတ်ခံရတဲ့အချိန် အဲဒီနားမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ ဘယ်အဖွဲ့က ပစ်တာလည်းဆိုတာတော့ ကျနော်လည်း အတည်ပြောလို့မရဘူး”ဟု ဦးလှအောင်ညွှန့်က ဆိုသည်။

အမ်းမြို့မှ စစ်တွေမြို့ဘက်သို့ ထွက်ခွာလာသည့် အဆိုပါကားကို ဧပြီလ ၂၁ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က ဖားပြိုကျေးရွာ၏ တောင်ဘက် မီတာ ၅၀၀ ခန့်အကွာသို့အရောက်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားသဖြင့် ဦးနွယ်နွယ်မောင်မှာ နဖူးကိုကျည်ထိမှန်၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ယာဉ်နောက်လိုက် မောင်ဟိန်းထက်ဦးမှာ ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသွားကာ မော်တော်ယာဉ်မှာ လမ်း၏ အနောက်ဘက်ရှိ သစ်ပင်အားဝင်တိုက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါပစ်ခတ်မှုမှာ ရက္ခိုင့်တပ်တော်(AA)၏ ပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု တပ်မတော်က စွပ်စွဲထားသည်။ ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရကကြေငြာထားပြီး ဆက်သွယ် မေးမြန်းသည့် သတင်းမီဒီယာများကို အရေးယူမှုရှိနေသောကြောင့် တပ်မတော်၏စွပ်စွဲချက်နှင့်ပတ်သက်ပြီး AA ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

ဧပြီလ ၂၀ ရက်နေ့ကလည်း ကိုဗစ် - ၁၉ ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန်သွားသည့် WHO ကားသည် မင်းပြားမြို့နယ်၊ ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီး၌ ပစ်ခတ်ခံခဲ့ရပြီး ဝန်ထမ်းတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွား သည်။

ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး အစိုးရပိုင်သတင်းစာများနှင့် တပ်မတော်ကမူ AA က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ထုတ်ပြန်ထားကြသည်။

မြန်မာ့တပ်မတော်၏ ရာမောင်တံတားထိပ်တပ်စခန်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်လိုက်မှုကြောင့် ဝန်ထမ်း တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)ဘက်ကလည်း ထုတ်ပြန် ထားသည်။

ဗီဒီယိုများ