ရခိုင်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ တရားမဝင်ကြောင်း ပြည်နယ်ကောင်စီပြော

ရခိုင်ပြည်နယ်ရှိ ပထမဦးဆုံးဖွဲ့စည်းလိုက်သည့် CRPH ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ တရားမဝင်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက DMG သို့ ပြောသည်။

04 Mar 2021

DMG ၊ မတ် ၄

ရခိုင်ပြည်နယ်ရှိ ပထမဦးဆုံးဖွဲ့စည်းလိုက်သည့် CRPH ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ တရားမဝင်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ပထမဦးဆုံး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဂွမြို့နယ်တွင် မတ်လ ၃ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။

ဂွမြို့နယ်အတွင်း ပြည်သူများ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေးရွေးကောက်ပွဲအနိုင်ရ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့အား ဖွဲ့စည်းလိုက်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော်လည်း လက်ရှိမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအား ဖမ်းဆီးထားခြင်းဖြစ်သည့်အတွက် ဦးညီပု၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်လာခြင်းမှာ တရားဝင်မှုမရှိကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချပ်ရေးကောင်စီအဖွဲ့ဝင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက DMG သို့ ပြောသည်။

“မြန်မာ့အသံမှာလည်း မတွေ့ပါဘူး၊ ဦးညီပုကလည်း အချုပ်ထဲမှာ ဘယ်လိုလုပ်ထုတ်ပြန်မှာလဲ၊ ဦညီပု Page ဆိုတာ ဦးညီပုက တာဝန်ခံရတာလေ၊ ဦးညီပုရဲ့သားက တာဝန်ယူလို့ရမလား၊ ဦးညီပုရဲ့ တပည့်လုပ်တဲ့လူက တာဝန်ခံလို့ ရမှာလား’’ ဟု ဆိုသည်။

၎င်းအဖွဲ့အစည်းကို စုစုပေါင်း လူဦးရေ ၁၈ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဥပဒေပညာရှင်၊ တောင်သူလယ်သမား၊ အလုပ်သမား ကိုယ်စားလှယ်၊ လူမှုရေးကိုယ်စားလှယ်များ၊ လူငယ်ကိုယ်စားလှယ်များနှင့် CDM ဝန်ထမ်း ကိုယ်စားလှယ်များ ပါဝင်ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ရခိုင်ပြည်နယ် ဒုဥက္ကဌ ဦးစိုးလေးက “ ကျနော်တို့ကတော့ တရားဝင်ထုတ်ပြန်တာဖြစ်ပါတယ်၊ သူတို့ကတော့ တရားမဝင်ဘူးလို့ပြောမှာပေါ့၊ ကျနော်တို့ကလည်း သူတို့ကို တရားမဝင်ဘူးလို့ ပြောနေတာပဲ” ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ ထုတ်ပြန်ခြင်းမှာလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ထားသော ကြားကာလ ပြည်သူ့အုပ်ချုပ်းရေး အစီအစဉ် အခန်း (၄) ပါ ဖော်ပြချက်အတိုင်းဖြစ်ကာ ရပ်ကွက်၊ ကျေးရွာအုပ်စု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကိုလည်း လျှင်မြန်စွာ ဖွဲ့စည်းသွာမည်ဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ သက်တမ်းသည် ကြားကာလပြည်သူ့အုပ်ချုပ်ရေးစာတမ်းပါ အခန်း (၆) အပိုင် (၁) အတိုင်းဖြစ်ကြောင်း ရေးသားထားသည်။

ဗီဒီယိုများ