လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဆေးကုသမှုခံယူနေသည့် ရသေ့တောင်ဒေသခံတစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြာပင်ရင်းကျေးရွာမှ လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် ဦးဘရွှေဆိုသူမှာ ယနေ့(အောက်တိုဘာ ၁၅ ရက်)၊ ညနေ ၆ နာရီ မိနစ်(၂၀)အချိန်ခန့်တွင် စစ်တွေဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း အကူအညီပေးနေသူများထံမှသိရသည်။

By နှင်းနွယ် 15 Oct 2020

photo - U Than Tun Facebook

နှင်းနွယ် | DMG
အောက်တိုဘာ ၁၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြာပင်ရင်းကျေးရွာမှ လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် ဦးဘရွှေဆိုသူမှာ ယနေ့(အောက်တိုဘာ ၁၅ ရက်)၊ ညနေ ၆ နာရီ မိနစ်(၂၀)အချိန်ခန့်တွင် စစ်တွေဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း အကူအညီပေးနေသူများထံမှသိရသည်။

“သူက ဒဏ်ရာပြင်းတဲ့အတွက် ခွဲစိတ်ရတယ်။ ခွဲစိတ်တဲ့အခါ ခွဲစိတ်ခန်းထဲမှာပဲ အချိန် ၄ နာရီလောက်ကြာတယ်။ ခွဲစိတ်ခန်းကထွက်လာတုန်းကလည်း အသက်ရှိနေသေးတယ်။ ခဏနေမှသေသွားတာ” ဟု ကူညီပေးနေသူ ဦးသန်းထွန်းက DMG သို့ ပြောသည်။

အောက်တိုဘာ (၁၄)ရက်နေ့က ပြာပင်ရင်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် စာသင်ကျောင်းထဲ၌ပုန်းခိုနေသည့် ရွာသားလေးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ထို့နောက် ဒဏ်ရာရရှိသူလေးဦးထဲမှ သုံးဦးအား ရသေ့တောင်ဆေးရုံ၌ဆေးကုသမှုခံယူနေပြီး ရင်ဘတ်၌ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ဦးဘရွှေအား ဆေးကုသမှုခံယူရန် ယနေ့နံနက်ပိုင်းက စစ်တွေဆေးရုံသို့ ယူဆောင်လာပြီး ညနေပိုင်းတွင် သေဆုံးသွားခြင်းဖြစ်သည်။

ရသေ့တောင်မြို့နယ်တွင် အောက်တိုဘာလဆန်းပိုင်းမှစ၍ ယနေ့အချိန်ထိ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်ထိမှန်မှုကြောင့် ဒဏ်ရာရရှိသူ စုစုပေါင်း(၉)ဦးအထိ ရှိနေပြီဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ဖြစ်ပွားနေသည့် တိုက်ပွဲအကျိုးဆက်ကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိသူများပြားလာနေပြီး DMG ကကောက်ယူထားသည့်စာရင်းအရ ၂၀၂၀ ပြည့်နှစ် ဇွန်လကနေ အောက်တိုဘာလ(၁၅)ရက်နေ့အထိ ထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း (၁၂၂)ဦးအထိရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများလျော့ပါးစေရန် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံရေးနည်းလမ်းဖြင့်ဆွေးနွေးအဖြေရှာကြရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော NCA လက်မှတ်ရေးထိုးခြင်း ငါးနှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ကြေငြာချက်တွင် တိုက်တွန်းထားသည်။

ဗီဒီယိုများ