စစ်ကောင်စီမှဖိတ်ခေါ်သည့် ဆွေးနွေးပွဲသို့ NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၅)ဖွဲ့ တက်မည်

စစ်ကောင်စီကဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်(၁၀)ဖွဲ့ထဲမှ ၅ ဖွဲ့သာ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

06 May 2022

photo crd - PPST

DMG ၊ မေ ၇

စစ်ကောင်စီကဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်(၁၀)ဖွဲ့ထဲမှ ၅ ဖွဲ့သာ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ မေလ ၆ ရက်နေ့အစည်းအဝေး၏ သဘောထားအရ စစ်ကောင်စီမှဖိတ်ခေါ်ထားသည့် ဆွေးနွေးပွဲသို့ (၅)ဖွဲ့တက်ရောက်သွားမည်ဟု PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

“ဖိတ်ကြားစာအရဆိုရင် တစ်ဖွဲ့ချင်းတစ်ဖွဲ့ချင်းဆီကို သီးသန့်ဖိတ်ထားတာပေါ့လေ။ PPST ခေါင်းစဉ်နဲ့ ဖိတ်တာတော့မတွေ့ဘူး။ သို့သော်လည်းပဲ မနေ့က အဲဒီဖိတ်ခေါ်ချက်အပေါ်မှာ PPST အနေနဲ့ ဆွေးနွေးညှိနှိုင်း သဘောထားချက်အရ တက်မှာက ၅ ဖွဲ့တက်မယ့် သဘောထားရှိတယ်”ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်ကဆိုသည်။

ငြိမ်းချမ်းလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)၏ မေလ ၆ ရက်နေ့အစည်းအဝေးသို့ အဖွဲ့ဝင် (၁၀)ဖွဲ့ထဲမှ (၇)ဖွဲ့သာ တက်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှဖိတ်ခေါ်သည့်ဆွေးနွေးပွဲသို့ တက်ရောက်မည့်အဖွဲ့များမှာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ဖြစ်ကြောင်း သိရသည်။

PPST အဖွဲ့ဝင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)မှာ ဗဟိုကော်မတီ အစည်းအဝေးပြုလုပ်နေသည့်အတွက် စစ်ကောင်စီ၏ဆွေးနွေးပွဲသို့ တက်၊မတက်ကို သဘောထား မပေးနိုင်သေးဟုဆိုသည်။

အခြားသော လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ကမူ မိခင်အဖွဲ့အစည်းတွင် အခက်အခဲများရှိသဖြင့် ဆွေးနွေးပွဲသို့တက်ရောက်နိုင်မည်မဟုတ်ကြောင်း သဘောထားမှတ်ချက်ပြုထားကြသည်ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်ကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးရန် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်ထားပြီး ဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးမှ ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင်နှစ်ဦးစီ တက်ရောက်ပေးကြရန်နှင့် တက်ရောက်မည့်သူ၊ ပုဂ္ဂိုလ်များ၏ အမည်ကို ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့တွင် နောက်ဆုံးထားစာရင်းပေးပို့ရန်လည်း ကြေညာထားသည်။

အဆိုပါဆွေးနွေးပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၇)ဖွဲ့နှင့် အဆက်အသွယ်ရရှိထားပြီဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့သည့်ဧပြီလ ၂၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“ဒီဖိတ်ခေါ်ကမ်းလှမ်းချက်သည် ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုတာက ဘယ်လိုငြိမ်းချမ်းရေးမျိုးလည်းဆိုတာကို ဖိတ်ခေါ်တဲ့လူနဲ့ ဖိတ်ခေါ်ခံရတဲ့လူနဲ့ကြားမှာ တူညီတဲ့နားလည်မှုရှိဖို့လိုအပ်တယ်။ PPST အနေနဲ့တော့ NCA အနှစ်သာရသုံးချက်အပေါ်မှာ အခိုင်အမာရပ်တည်မှုက အပြောင်းအလဲမရှိသေးပါဘူး”ဟု PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

စစ်ကောင်စီမှဖိတ်ခေါ်ထားသည့်ဆွေးနွေးပွဲသို့ မတက်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(KIO)တို့က ထုတ်ပြန်ထားသည်။

ယင်းအပြင် တအာဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်း ဆွေးနွေးမှုကော်မတီ(FPNCC)အနေဖြင့် မဟုတ်ဘဲ တစ်ဖွဲ့ချင်းအနေနှင့်ဆိုလျှင် မတက်ရောက်ကြောင်း သတင်းမီဒီယာများသို့ ဖြေကြားထားသည်။

စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မတက်ရောက်ပါက ဆွေးနွေးမှုမှာ အားလျှော့သွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုထားကြသည်။

ဗီဒီယိုများ