မြန်မာ့အရေးကိုဖြေရှင်းရာ၌ အားလုံးပါဝင်သည့်ဆွေးနွေးမှုပြုလုပ်ရန်လိုကြောင်း PPST ပြော

လက်ရှိမြန်မာနိုင်ငံ၏ပြဿနာကိုဖြေရှင်းရာ၌ သက်ဆိုင်သူအားလုံးပါဝင်သည့် ဆွေးနွေးမှုပြုလုပ်ရန်လိုအပ်ကြောင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း)အပြီး ယနေ့(ဧပြီလ ၄ ရက်) သတင်းစာရှင်းလင်းပွဲတွင် PPST က ပြောကြားလိုက်သည်။

04 Apr 2022

DMG ၊ ဧပြီ ၄

လက်ရှိမြန်မာနိုင်ငံ၏ပြဿနာကိုဖြေရှင်းရာ၌ သက်ဆိုင်သူအားလုံးပါဝင်သည့် ဆွေးနွေးမှုပြုလုပ်ရန်လိုအပ်ကြောင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း)အပြီး ယနေ့(ဧပြီလ ၄ ရက်) သတင်းစာရှင်းလင်းပွဲတွင် PPST က ပြောကြားလိုက်သည်။

ထိုသို့ဆွေးနွေးရာတွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်းများ၊ စစ်ကောင်စီအပြင် ပါဝင်သင့်သည့်အင်အားစုအားလုံး ပါဝင်ရမည်ဟုဆိုသည်။

အဆိုပါအစုအဖွဲ့များ ပါဝင်ဆွေးနွေးနိုင်ရန်အတွက် PPST အနေဖြင့် နိုင်ငံရေးလမ်းပြမြေပုံတစ်ရပ်ကိုချမှတ်ကာ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ယနေ့သတင်းစာရှင်းလင်းပွဲတွင် PPST ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက ယခုကဲ့သို့ပြောသည်။

“ဗမာပြည်နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ့် နိုင်ငံရေးထွက်ပေါက်တစ်ခု၊ လမ်းကြောင်းတစ်ခုကို နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ ဆူပူချက်နဲ့ ဆူပူတာဖြစ်ပါတယ်။ အားလုံးညှိနှိုင်းဆွေးနွေးပြီးတော့မှ အသွင်ကူးပြောင်းရေးအစီအစဉ်တစ်ရပ်ကို ဖော်ထုတ်ပေးနိုင်လိမ့်မယ်”ဟု ရဲဘော်မျိုးဝင်းကဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် ၂၀၂၃ ရွေးကောက်ပွဲနည်းလမ်းဖြင့် ဖြေရှင်းနည်းကခက်ခဲနိုင်ပြီး အောင်မြင်ရန်အတွက်လည်းခက်ခဲမည်ဟု ရဲဘော်မျိုးဝင်းက ဆက်လက်ပြောသည်။

ထိုကြောင့် နိုင်ငံရေးထွက်ပေါက်တစ်ခုနေဖြင့် အချက်(၈)ချက်ပါဝင်သော နိုင်ငံရေးလမ်းပြမြေပုံတစ်ရပ်ကိုချမှတ်ရခြင်းဖြစ်ကာ အဆိုပါအချက်(၈)ချက်ဖြင့် သက်ဆိုင်သူအားလုံးပါဝင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း PPST ကဆိုသည်။

“ကျွန်တော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက် ၇ ချက်အပါအဝင် နိုင်ငံရေးလမ်းပြမြေပုံကို NUG လည်းအဆိုပြုသွားမယ်။ NUCC ကိုလည်းအဆိုပြုသွားမယ်။ နိုင်ငံရေးပါတီအားလုံးကိုလည်း အဆိုပြုသွားမှာပါ။ ဒါပေမယ့် ဘယ်အချိန်လည်းဆိုတာကိုတော့ အချိန်အခါနဲ့အတိုင်းအတာကိုကြည့်ရမယ်။ နည်းလမ်းကိုဘဲ ကျွန်တော်ပြောတာဖြစ်တယ်”ဟု ရဲဘော်မျိုးဝင်းကပြောသည်။

လက်ရှိဖြစ်ပွားနေသည် နိုင်ငံရေးပြဿနာကိုဖြေရှင်းရန် PPST အနေဖြင့် ကြိုးပမ်းနေခြင်းသည် အနာဂတ်မြန်မာနိုင်ငံအတွက် ကောင်းမွန်သောနည်းလမ်းတစ်ခုရရှိနိုင်ရေးအတွက်ဖြစ်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အဖွဲ့ဝင် စောမြရာဇာလင်းက ပြောသည်။

“အခုကျွန်မတို့ကြိုးပမ်းနေခြင်းဟာ ပါဝင်ထိုက်ပါဝင်သင့်သူအားလုံး ပါဝင်မှသာလျှင် မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကိုဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပြီးတော့မှ ကြိုးစားနေတာဟာ အနာဂတ်ကိုချီတက်တဲ့အခါမှာ အားလုံးလက်တွဲဖော်ဆောင်ခြင်းသည် အင်မတန်မှအကျိုးရှိတယ်”ဟု စောမြရာဇာလင်းကပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှု တစ်နှစ်ကျော်အထိကြာမြင့်လာခဲ့ပြီဖြစ်သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးများ နိုင်ငံတစ်ဝှမ်းဖြစ်ပွားလျက်ရှိနေသေးကာ တစ်ဖက်မှာလည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

အာဏာသိမ်းယူသည့်အချိန်မှစ၍ ဆန္ဒပြမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၇၂၈ ဦးနှင့် ဖမ်းဆီးခံရသူ ၁၃၀၈၄ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏  ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရသိရသည်။

ဗီဒီယိုများ