PPST ၏ထုတ်ပြန်ချက်ကို ပြန်ပြင်ရန် စစ်ကောင်စီကစာပို့

ချင်းပြည်နယ်၊ ထန်တလန်ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း PPST မှ နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

11 Nov 2021

Photo Crd - PPST

DMG ၊ နိုဝင်ဘာ ၁၁

ချင်းပြည်နယ်၊ ထန်တလန်ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း PPST မှ နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ထုတ်ပြန်ခြင်းအပေါ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ အချက်များကိုချိုးဖောက်နေဟု တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ပါဝင်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)ကို စစ်ကောင်စီက သတိပေးစာပေးပို့ထားကြောင်း သိရသည်။

PPST အနေဖြင့် ဖြစ်စဉ်အမှန်ကိုတိတိကျကျသိရှိခြင်းမရှိဘဲ တပ်မတော်အပေါ် တစ်ဖက်သက်စွပ်စွဲရေးသားခြင်းမှာ NCA အခန်း(၃) အပိုဒ်-၅(စ)ပါ အချက်များကို ချိုးဖောက်ရာရောက်သည်ဟု စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီက နိုဝင်ဘာလ ၉ ရက်နေ့ရက်စွဲဖြင့် PPST ကို သတိပေးစာပေးပို့ထားသည်ကို တွေ့ရသည်။

ယင်းသို့ထုတ်ပြန်ခြင်းမှာ PPST မှ တပ်မတော်အား အကြမ်းဖက်အဖြစ်စွပ်စွဲထားသော သဘောသက်ရောက်သည်ဟုလည်း စစ်ကောင်စီ၏ သတိပေးစာတွင်ပါရှိသည်။

ပြည်သူလူထုနှင့်သက်ဆိုင်သည့်နေရာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးမှုများ လုံးဝမပြုလုပ်သည့်အပြင် ပြုလုပ်ရန်လည်း မူဝါဒညွှန်ကြားချက်မရှိကြောင်း စစ်ကောင်စီက ဆိုထားသည်။

PPST အနေဖြင့် NCA ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အလေးထားလိုက်နာပြီး နိုဝင်ဘာလ ၅ ရက်နေ့ထုတ်ပြန်ချက်ကို ပြန်လည်ပြင်ဆင်ရန် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီက စာပေးပို့ထားခြင်းဖြစ်သည်။

ယင်းသို့ပေးပို့သည့်စာကို လက်ခံရရှိထားပြီး မည်သို့ဆက်၍ဆောင်ရွက်မည်ကိုဆွေးနွေးရအုံးမည်ဟု PPST ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက DMG သို့ပြောသည်။

“ကျွန်တော်တို့က PPST ရဲ့ သက်ဆိုင်ရာဦးဆောင်အဖွဲ့ထဲမှာ ညှိနှိုင်းဆွေးနွေးပြီးတော့မှ ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတာကိုတော့ ဆွေးနွေးရမယ့်ကိစ္စဖြစ်တယ်။ ကျွန်တော်အနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့သဘောမရရှိသေးဘဲ ဒီအပေါ်မှာ တုန့်ပြန်ပြောဆိုလို့မရသေးဘူး” ရဲဘော်မျိုးဝင်းက ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၀)ခုပါဝင်သည့် NCA–SEAO မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)ကို ၂၀၁၅ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။

သို့သော် စစ်ကောင်စီက နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို PPST မှ ရပ်တန့်ထားခဲ့သည်။

ဗီဒီယိုများ