အာဏာရှင်စနစ် ချုပ်ငြိမ်းရေး PPSTက ပြည်သူနှင့်အတူ လက်တွဲပူးပေါင်းမည်

CDM အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အင်အားသုံးပြီး အကြမ်းဖက်နည်းလမ်းများဖြင့် ပစ်ခတ်တိုက်ခိုက် နှိမ်နင်းမှုကြောင့် ကျဆုံးသွားခဲ့ကြသည့် ပြည်သူများအားလုံးအတွက် လွန်စွာဝမ်းနည်းမိကြောင်းနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ပြည်သူနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟု PPST ၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားလိုက်သည်။

11 Mar 2021

DMG ၊ မတ် ၁၁

CDM အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အင်အားသုံးပြီး အကြမ်းဖက်နည်းလမ်းများဖြင့် ပစ်ခတ်တိုက်ခိုက် နှိမ်နင်းမှုကြောင့် ကျဆုံးသွားခဲ့ကြသည့် ပြည်သူများအားလုံးအတွက် လွန်စွာဝမ်းနည်းမိကြောင်းနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ပြည်သူနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟု PPST ၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားလိုက်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ယနေ့ မတ်လ (၁၁) ရက် အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

CDM အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများကို တိုက်ပွဲဝင် လက်နက်အပြည့်အစုံ သာလွန်အင်အားဖြင့် ရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ဖြိုခွင်းနေခြင်းများအား ကန့်ကွက်ဆန့်ကျင်ရှုတ်ချကြောင်းလည်း ဗိုလ်ချုပ်ကြီးက ဆိုသည်။

“အထွေထွေသပိတ်များနဲ့ အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများတွင် ပါဝင်သည့် ပြည်သူလူထုများ၊ တိုင်းပြည်ဝန်ထမ်းများအား ညအချိန်မတော်တွင် စစ်ကောင်စီ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်အလိုက် ဝိုင်းဝန်းပိတ်ဆို့ပြီး တစ်အိမ်တက်တစ်အိမ်ဆင်း ဥပဒေမဲ့၊ မင်းမဲ့စရိုက်ဆန်ဆန် လိုက်လံဖမ်းဆီးခြင်းများ ဆက်လက်မပြုလုပ်ရန်နဲ့ ဖမ်းဆီးထားသူများအားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ ထပ်မံတောင်းဆိုပါတယ် ” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

NCA-S EAO ထဲမှာ ပါဝင်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကတော့ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းအခြေအနေများအပေါ် ဆွေးနွေးနေကြောင်းနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးနေကြောင်း CRPH နှင့်ပြုလုပ်ခဲ့သည့် အစည်းအဝေးအရ သိရသည်။

လက်ရှိကာလ၊ လက်ရှိအခြေအနေများအောက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းများကို ရပ်ဆိုင်းထားမည်ဟု အခိုင်အမာကိုင်စွဲသွားမည်ဖြစ်ကြောင်း PPST က ဆုံးဖြတ်ထားသည်။

ယခုလို တိုင်းပြည်အတွက် အရေးကြီးသည့်ကာလတွင် မိမိတို့အားလုံးအနေဖြင့် ပြည်သူ့ဆန္ဒကို ဦးထိပ်ထားပြီး လုပ်ငန်းများကို ဆောင်ရွက်သွားကြပါရန် ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က တိုက်တွန်းထားသည်။

NCA-S EAO မှာ ပါဝင်သည့် အဖွဲ့များမှာ Karen National Union, Chin National Front, All Burma Students Democratic Front, Karen National Liberation Army-Peace Council, Pa-O National Liberation Organization, Arakan Liberation Party, Restoration Council of Shan State, Democratic Karen Benevolent Army, New Mon State Party, Lahu Democratic Union တို့ဖြစ်သည်။

ဗီဒီယိုများ