စစ်ကောင်စီ၏လုပ်ရပ်များကြောင့် နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်ရေးတွင် ပိုမိုအလှမ်းဝေးစေသည်ဟု PPST ပြော

စစ်ကောင်စီ၏ လက်ရှိဆောင်ရွက်ချက်များကြောင့် နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်ရေးတွင် ပိုမိုအလှမ်းဝေးစေသည်ဟု ယူဆကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)၏ ယာယီအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးကပြောသည်။

07 Dec 2021

DMG ၊ ဒီဇင်ဘာ ၇

စစ်ကောင်စီ၏ လက်ရှိဆောင်ရွက်ချက်များကြောင့် နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်ရေးတွင် ပိုမိုအလှမ်းဝေးစေသည်ဟု ယူဆကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)၏ ယာယီအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးကပြောသည်။

နှစ်ရက်တာကျင်းပခဲ့သော PPST အစည်းအဝေးအပြီး ဒီဇင်ဘာ ၇ ရက်နေ့တွင် ယာယီအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးက ၎င်း၏မိန့်ခွန်းတွင် ယင်းသို့ထည့်သွင်းပြောကြားခဲခြင်းဖြစ်သည်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများကို စစ်ကောင်စီမှဖြိုခွဲခဲ့မှုအပေါ် နိုင်အောင်မငေးက “အရပ်သားများအကာကွယ်ပေးမှုကိုရှေ့ရှုပြီး ကြည်ြ့မင်တိုင်တွင်ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာဆန္ဒပြမှုကို စစ်ကောင်စီမှအကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်ရှုတ်ချပါတယ်”ဟု ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ပန်းပင်ကြီးလမ်းပေါ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို စစ်ကောင်စီကားတစ်စီးမှ အရှိန်ပြင်းမောင်းနှင်ကာ ဝင်ရောက်တိုက်ခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့သည့်အတွက် ဆန္ဒပြလူငယ် ၂ ဦးထက်မနည်းသေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။

“နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရာတွင် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကသာ အသင့်တော်ဆုံးအဖြစ် PPST က ယုံကြည်ပြီး သက်ဆိုင်ရာနိုင်ငံရေးအစုအဖွဲ့များ၊ နိုင်ငံတကာတို့နဲ့ဆွေးနွေးပြီး နည်းလမ်းရှာကြိုးပမ်းသွားပါမယ်”ဟု နိုင်အောင်မငေးက ပြောကြားသည်။

ယခုကျင်းပခဲ့သော PPST အစည်းအဝေးတွင် နိုင်ငံရေးရည်မှန်းချက်(၇)ရပ်ကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်အတွက်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစဉ်များကို သုံးသပ်ဆွေးနွေးကာ လုပ်ဆောင်သင့်သည့်ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီ၏သီးသန့်တရားရုံးမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်ခြင်းနှင့်ပတ်သက်၍လည်း လက်မခံကြောင်း PPST ကဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှု ၁၀ လကျော်အထိကြာမြင့်လာပြီဖြစ်သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများ နိုင်ငံတစ်ဝှမ်းဖြစ်ပွားလျက်ရှိနေသေးသည်။

ထိုသို့ဆန္ဒပြမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၃၀၃ ဦးနှင့် ဖမ်းဆီးခံရသူ ၁၀၇၂၇ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဒီဇင်ဘာလ ၆ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ