တပ်မတော်၏ အပစ်ရပ်ကာလ သက်တမ်းမတိုးခဲ့လျှင် အပစ်ရပ်ကာလအလွန် ငြိမ်းချမ်းရေးအခင်းအကျင်းကို ထည့်သွင်းစဉ်းစားရန် PPST ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

တပ်မတော်၏ တစ်ဖက်သတ်အပစ်ရပ်ကာလသည် ယခုသြဂုတ်လကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် အပစ်ရပ်ကာလသက်တမ်းကို တပ်မတိုးခဲ့လျှင် အပစ်ရပ်ကာလအလွန် ငြိမ်းချမ်းရေးအခင်းအကျင်းကို ထည့်သွင်းစဉ်းစားရန်အရေးကြီးကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)၏ ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

22 Aug 2019

မြတ်ဝင်းကျော် | DMG

သြဂုတ် ၂၂ ၊ ရန်ကုန်

တပ်မတော်၏ တစ်ဖက်သတ်အပစ်ရပ်ကာလသည် ယခုသြဂုတ်လကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် အပစ်ရပ်ကာလသက်တမ်းကို တပ်မတိုးခဲ့လျှင် အပစ်ရပ်ကာလအလွန် ငြိမ်းချမ်းရေးအခင်းအကျင်းကို ထည့်သွင်းစဉ်းစားရန်အရေးကြီးကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)၏ ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အစည်းအဝေးကို ထိုင်းနိုင်ငံချင်းမိုင်၌ သြဂုတ် လ ၂၁ ရက်မှ ၂၄ ရက်ထိ ကျင်းပပြုလုပ် နေကြရာ ပထမနေ့ အဖွင့်မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရှေ့လုပ်ငန်းစဉ်ချမှတ်ရာမှာ NCA လက်မှတ်မရေးထိုးနိုင်သေးတဲ့ ညီနောင် EAO တွေနဲ့ ပတ်သက်တဲ့ အစီ စဉ်တွေ ပါဝင်ဖို့လိုတယ်” ဟု ၎င်းကပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ  ဆောင်ရွက်ရာမှာမူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော (၁၀) ဖွဲ့ ဖြင့် ပြီးပြည့်စုံ လုံလောက်သည်ဟု မယူဆနိုင်ကြောင်း ဗိုလ်ချုပ်ကြီးက ဆိုသည်။

တပ်မတော်မှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ၊ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင် တစ်ဖက်သတ်အပစ်ရပ် ကြေငြာခဲ့သည်။

လက်ရှိအချိန်တွင် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရာ၌ မပါဝင်သည့် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (ရခိုင်ပြည်နယ်)တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့  ၉ လခန့်ကြာ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေကြသည်။

တစ်ဖက်တွင်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၃ ဖွဲ့ဖြစ်သော (TNLA)၊ (MNDAA)၊ (AA) တို့သည် ယခုလ ၁၅ ရက်နေ့က ပြင်ဦးလွင်ရှိတပ်မတော် နည်းပညာတက္ကသိုလ်အပါအဝင် ပြင်ဦးလွင်နှင့် နောင်ချိုနယ်ရှိ တပ်ရင်း ဌာချုပ်၊ ပူးပေါင်းစစ်ဆေးရေးဂိတ် စသည်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင်း တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေသည်။

လက်ရှိ NCA လက်မှတ်ရေးထိုးခဲ့သည်မှာ ၄ နှစ်တင်းတင်းပြည့်တော့မည် ဖြစ်သော်လည်း ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက်လမ်းစမှာ ဝေဝါးနေဆဲပင်ဖြစ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု ခိုင်ခိုင်မာမာတည်ဆောက်နိုင်လောက်သော ဖက်ဒရယ်အခြေခံမူများကို ပြည်ထောင်စု သဘောတူစာချုပ်မှာ ချုပ်ဆိုနိုင်ရန် မိမိတို့အားသွန်ခွန်စိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စက ပြောသည်။

အစိုးရက အဆိုပြုတင်ပြလာသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့တိုးရေးနည်းလမ်း (၄)ရပ်နှင့်ပတ်သက်ကာ မိမိ တို့၏ ဘုံသဘောထားချမှတ်ရန်လိုအပ်ကြောင်း၊ ယခုအစည်းအဝေးတွင် ၂၁ ပင်လုံညီလာခံကျင်းပခြင်း၊ မကျင်းပခြင်းနှင့် ပတ်သက်၍ဆွေးနွေးကြပြီး ကျင်းပခဲ့လျှင် မည်သည့်ရလဒ်ကောင်းများရအောင် ဆောင်ရွက် ရမည့် မူချမှတ်ထားရန်လိုအပ်ကြောင်း PPST ယာယီခေါင်းဆောင်က ရှင်းပြသည်။

 

ဗီဒီယိုများ