ဒေါက်တာအေးမောင်လွတ်မြောက်ရန် ရခိုင့်ဦးဆောင်ပါတီဝင်များနှင့် ထောက်ခံသူများ မွေးနေ့ဆုတောင်းကြ

ထောင်ဒဏ်နှစ် (၂၀)ချမှတ်ခံထားရသည့် ရခိုင့်နိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင် လွတ်မြောက်ရန် အတွက် ယနေ့ (နိုဝင်ဘာလ ၁ ရက်နေ့)တွင်ကျရောက်သည့် အသက်(၆၂) နှစ်ပြည့်မွေးနေ့တွင် ရခိုင့်ဦးဆောင် ပါတီ (AFP)ဝင်များနှင့်ထောက်ခံသူများက ဆုတောင်းခဲ့ကြသည်။

01 Nov 2019

ခိုင်ရိုးလ | DMG

နိုဝင်ဘာ ၁၊ စစ်တွေ

ထောင်ဒဏ်နှစ် (၂၀)ချမှတ်ခံထားရသည့် ရခိုင့်နိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင် လွတ်မြောက်ရန် အတွက် ယနေ့ (နိုဝင်ဘာလ ၁ ရက်နေ့)တွင်ကျရောက်သည့် အသက်(၆၂) နှစ်ပြည့်မွေးနေ့တွင် ရခိုင့်ဦးဆောင် ပါတီ (AFP)ဝင်များနှင့်ထောက်ခံသူများက ဆုတောင်းခဲ့ကြသည်။

ဒေါက်တာအေးမောင်၏ အသက် (၆၂)နှစ်ပြည့် မွေးနေ့ကို ရခိုင့်ဦးဆောင်ပါတီက ပြုလုပ်ခြင်းဖြစ်ကာ စစ်တွေ မြို့ ဓညဝတီရပ်ကွက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဓမ္မာရာမဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသူများနှင့် စာသင်ကြားနေကြသည့် စစ်ဘေးရှောင်များကို အဟာရမုန့်များနှင့် လက်ဖက်ရည်များ တိုက်ကျွေးခဲ့ကြသည်။

ထို့နောက် စစ်တွေမြို့ဝင်္ကဘာကွင်းအနီးရှိ အတုလမာရဇိန်ပြည်လုံးချမ်း သာဘုရားကြီးတွင် ဒေါက်တာအေး မောင် အမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းမေတ္တာပို့သခဲ့သည်။ယင်းအပြင် ရန်ကုန်မြို့တွင်ရှိသည့် ရခိုင့် ဦးဆောင်ပါတီဗဟိုဌာနချုပ်(ခွဲ)တွင်လည်း ဆရာတော်များပင့် ဖိတ်ကာဆွမ်းကပ်လှူဒါန်းမှုများပြုလုပ်ခဲ့ကြ သည်ဟု ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်သန်းဝေက ပြောသည်။

“ကျွန်တော်တို့ခေါင်းဆောင် အကျဉ်းထောင်ထဲရောက်နေတဲ့အချိန်မှာ အပြင်မှာရှိတဲ့ သူ့ကိုလေးစားကြတဲ့ မေတ္တာရှိတဲ့ AFP ပါတီဝင်တွေပူးပေါင်းပြီး ဒေါက်တာရဲ့ ၆၂ နှစ်မြောက်မွေးနေ့ကို ပြုလုပ်ကြတာဖြစ်တယ်။ ဒေါက်တာကျန်းမာပါစေ၊ ရာဇဝတ်ပြစ်ဒဏ်ဘေးမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ ဆုတောင်း မေတ္တာ ပို့ကြတာပါ”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွက် အရေးပါသည့် ပုဂ္ဂိုလ်တစ်ယောက်ကို အကျဉ်းချထားသော်လည်း အမြဲတမ်းသတိ ရနေ ကြောင်း ဒေါက်တာအေးမောင်ကို ထောက်ခံသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်သောင်းရွှေက ပြောသည်။

“ရခိုင်ပြည်အတွက် အရေးကြီးပြီး မြန်မာနိုင်ငံအတွက်လည်း အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဒီမိုကရေ စီပြည်သူ့အစိုးရက ထောင်ထဲထည့်ထားတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေက သူ့ကို အမြဲတမ်းသတိရနေမှာပါ။ သူနဲ့ အတူပြည်သူတွေ တစ်သားတည်း ရှိတယ်ဆိုတာကို ဒီနေ့မွေးနေ့ပွဲက သက်သေပြထားတာ။ သူလွတ်လာဖို့လည်းမျှော်လင့်ထားပါတယ်”ဟု ၎င်းကဆိုသည်။

ဒေါက်တာအေးမောင် ထောင်ဒဏ်နှစ်(၂၀)ချမှတ်ခံရသောကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံအဆင့်ဆင့်တက်ကြရာ ပယ်ချခံခဲ့ရသည်။ ထို့ကြောင့် စုံညီခုံရုံးဖြင့် စစ်ဆေးရန်အတွက် ပြည် ထောင်စု တရားလွှတ်တော်ချုပ်သို့ အထူးအယူခံတင်သွင်းထားသည်။

ရသေ့တောင်မြို့တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ပြုလုပ်သည့် ရခိုင့်ဘုရင့်နိုင်ငံတော်အချုပ်အာဏာ ကျရှုံးခြင်း ဝမ်းနည်းဖွယ် အထိမ်းအမှတ်စာပေဟောပြောပွဲတွင် ဟောပြောခဲ့မှုကြောင့် ဒေါက်တာအေးမောင်နှင့်အတူ စာရေး ဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု၊နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မတို့ဖြင့် စစ်တွေ ခရိုင်တရားရုံးက မတ်လ (၁၉)ရက်နေ့က ထောင်ဒဏ် နှစ်(၂၀)ချမှတ်ရန်အမိန့်ချခဲ့သည်။

ဗီဒီယိုများ