စက်သုံးဆီနှင့် ဓာတ်မြေသြဇာဈေးနှုန်း မြင့်တက်မှုကြောင့် ဧရာဝတီတိုင်းရှိ လယ်သမားများ အခက်ကြုံနေရ

စက်သုံးဆီ ဈေးနှင့် ဓာတ်မြေသြဇာ ဈေးနှုန်းတို့ တဟုန်တိုး မြင့်တက်မှုကြောင့် ဧရာဝတီတိုင်းရှိ လယ်သမား အများစုမှာ ယခုနှစ် မိုးရာသီ ထွန်ယက်စိုက်ပျိုးရေးတွင် အခက်အခဲများစွာကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။

16 Jun 2022

ဓာတ်ပုံ - DMG

DMG ၊ ဇွန် ၁၆

စက်သုံးဆီ ဈေးနှင့် ဓာတ်မြေသြဇာ ဈေးနှုန်းတို့ တဟုန်တိုး မြင့်တက်မှုကြောင့် ဧရာဝတီတိုင်းရှိ လယ်သမား အများစုမှာ ယခုနှစ် မိုးရာသီ ထွန်ယက်စိုက်ပျိုးရေးတွင် အခက်အခဲများစွာကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။

ဧရာဝတီတိုင်းက လယ်သမားများမှာ ထွန်စက်များကို အသုံးပြုနေကြပြီး ယခုအခါ ဒီဇယ်ဆီ ဈေးနှုန်းများ ယခင်ငါးလ အထက် လေးဆခန့်မြင့်နေခြင်း၊ ဆီဝယ်ရာတွင်လည်း လိုသလောက် ယူမရဖြစ်နေသောကြောင့် စပါးစိုက်ပျိုးရာတွင် ပိုမို အခက်ကြုံရကြောင်း ဖျာပုံမြို့နယ်က ဒေသခံလယ်သမား တစ်ဦးကပြောသည်။

“ ဆီ ဈေးတွေက မတရားတက်လာတာ။ အရင်ငါးလထက် တောင်ပိုပြီး ဈေးတက်သွားပြီ။ ပြီးတော့ လယ်ထွန်စက်တွေ အတွက်သုံးနေတဲ့ ဒီဇယ်ကလည်း အရင်လို သိပ်မရတော့ဘူး။ ပြီးတော့ တခါတလေလုံးဝ ဝယ်မရတာ တောင်ရှိတယ်။ အဲလို အခါနဲ့ကြုံ ရင်လယ်ထွန်ဖို့ အတွက်ကပြန်စောင့် နေရတယ် ” ဟု ဖျာပုံမြို့နယ်မှ လယ်သမား တဦးက ပြောသည်။

ယမန်နေ့ ဇွန်လ ၁၅ ရက် နေ့က ဒေသအတွင်း စက်သုံးဆီဈေးနှုန်းမှာ အောက်တိန်း ( 92) တစ်လီတာ လျှင် ၂၃၃၀ ကျပ်၊ အောက်တိန်း (95) တစ်လီတာလျှင် ၂၄၂၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာ လျှင် ၂၆၉၀ ကျပ်၊ ပရီမီယံဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် ၂၇၁၅ ကျပ်ရှိနေပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရိပ်ရိမ်မြင့်တက်လာနေခြင်းလည်းဖြစ်သည်။  

ထို့အပြင် နိုင်ငံအနှံ့အပြားတွင် ဆီပြတ်လပ်မှုများ ရှိနေသဖြင့် ဆီဆိုင်အချို့၌ ခွဲတမ်းဖြင့် ရောင်းချနေမှုကြောင့် ဧရာဝတီတိုင်းက လယ်သမားအများစုမှာ လိုအပ်သည့် ဒီဇယ်ဆီများကို ဝယ်ယူ ရရှိရန်အခက်အခဲ ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ စက်သုံးဆီတွေက ခွဲတမ်းနဲ့ ရောင်းလာတာရှိလာတယ်။ အဲတာကြောင့်လည်း စပါးစိုက်နေရတဲ့ သူတွေပေါ့ စက်နဲ့ထွန်နေရတဲ့ သူတွေက အဆင်မပြေတော့ဘူး။ လယ်ထွန်စက်တွေ မောင်းဖို့အတွက်ဆီတွေကို ဝယ်ပြီဆိုရင် လယ်စိုက်တဲ့ သူတွေကပေပါအလိုက်ဝယ်ရတာကို။ အဲတာမှ အဆင်ပြေမှာပေါ့။ အခုက ခွဲတမ်းတွေနဲ့ လုပ်တာတို့၊ ဆိုင်တွေပိတ်တာတို့ လုပ်လိုက်တော့ လယ်သမားတွေ အတွက်အရမ်း နစ်နာစေတယ် ” ဟု ဖျာပုံမြို့ခံ လုပ်ငန်းရှင် တဦးက ဆိုသည်။

ထို့အတူ လယ်ယာစိုက်ပျိုး ရာတွင်အသုံးပြုနေရသည့် ပိုးသတ်ဆေး ဓာတ်မြေသြဇာ၊ ပေါင်းသတ်ဆေးနှင့် မှိုသတ်ဆေးဈေးနှုန်းမှာ ယခင်နှစ်နှစ်ကြာကာလ ထက်ဈေးနှုန်းမှာ လေးဆကျော်မြင့်တက်နေပြီး စိုက်ပျိုးပြီးစီး ချိန်နှင့် စပါးပေါ်ချိန်၌ အရှုံးပေါ်မည်ကိုစိုး ရိမ်နေကြရကြောင်း ကျိုက်လတ်မြို့ခံ လယ်သမားများက ဆိုကြသည်။

“ စက်သုံးဆီ ဈေးတွေပဲ တက်လာတာ မဟုတ်ဘူး။ စိုက်ပျိုးရေးအတွက် သုံးတဲ့ ဆေးတွေက အစ အကုန်ဈေးကြီး ကုန်တာ။ အရင်နှစ်နှစ်ထက်စာရင်ပိုပြီး ဈေးတက်တယ်။ အခုက လေးဆလောက်ရှိတယ်။ အဲတော့ အခု စပါးစိုက်ပြီး တော့ စပါးပေါ်ပြီး ပြန်ရိတ်တဲ့ အချိန်မှာကု န်ကျ တဲ့ စရိတ်နဲ့ ရောင်းဈေးရတဲ့ဈေးက မကာမိရင်ပိုပြီး ရှုံးရမှာပဲ ” ဟု ကျိုက်လတ်မြို့ခံလယ်သမားတစ်ဦးကဆိုသည်။

ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးမှုအများဆုံးဒေသတခုဖြစ်ပြီး လယ်သမားအများစု မှာ ယခုလိုသွင်းအားစု စရိတ်စခ ဈေးနှုန်းမြင့်တက်နေမှုများ ကြောင့် စိုက်ပျိုးရေး စရိတ် ဘဏ်ချေးငွေများကို အမြန်ဆုံးပြန်ဆပ်ရန်အတွက် ဝန်ထုပ်ဝန်ပိုး သဖွယ်ဖြစ်လာနေကြောင်းလည်း ဒေသခံတောင်သူများက ပြောဆိုနေကြသည်။

ဗီဒီယိုများ