ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်တို့ ရခိုင်အရေးဆွေးနွေး

လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren တို့သည် ဧပြီလ ၅ ရက်နေ့က အွန်လိုင်းက ဆွေးနွေးခဲ့ကြသည်။

By ဝင်းညွန့် 08 Apr 2020

ဓာတ်ပုံ - စံမြတ်ရွှေ

ဝင်းညွန့် | DMG
ဧပြီ ၇ ၊ စစ်တွေ

လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren တို့သည် ဧပြီလ ၅ ရက်နေ့က အွန်လိုင်းက ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်ခံထားရမှုနှင့် သတင်းမီဒီယာ အချက်အလက်စီးဆင်းမှု အခက်အခဲများ၊ နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ တစ်စထက်တစ်စ တိုးပွားလာနေမှုများ၊ ရခိုင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မည့်အလားအလာ အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ပြောသည်။

“သူတို့ပြောတာကလည်း ရွေးကောက်ပွဲ ဖြစ်နိုင်၊မဖြစ်နိုင်ဆိုတာကို မေးတယ်။ ကျွန်တော်ကတော့ ပြောလိုက် တယ်။ ရွေးကောက်ပွဲဖြစ်ဖို့ ၇၅ ရာခိုင်နှုန်းလောက် မဖြစ်နိုင်ဘူးလို့။ ဘာဖြစ်လို့လဲဆိုတော့ အခုက AA ကို အကြမ်းဖက်ကြေငြာလိုက်တယ်ဆိုတော့ တိုက်ပွဲက ဟိုဖက်ကလည်း ပြင်းလာနိုင်တယ်။ ဒီဖက်ကလည်း ပြင်းလာနိုင်တယ်။ ဒီတော့ ရွေးကောက်ပွဲနဲ့ ပိုပြီးတော့ ဝေးကွာလာနိုင်တယ်။ ဖြစ်နိုင်ခြေ ရှိ၊မရှိကိုတော့ သူတို့မှတ်ချက်မပေးဘူး၊ ကျွန်တော်ကပဲ ဆွေးနွေးဖြစ်တာ။ သူတို့ဘယ်လို လုပ်ဆောင်သွားမယ်ဆိုတာတော့ မပြောဘူး”ဟု ၎င်းကဆိုသည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြင်ဆင်စီမံဆောင်ရွက်နေမှုအပေါ် အားနည်းချက်၊ အားသာချက်များ၊ လူသားချင်းစာနာထောက်ထားမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်ဟု ရခိုင်ပြည်နယ်လွှတ်တော်မှ သိရသည်။

ဗီဒီယိုများ