လူစုလူဝေးမဖြစ်စေရန် တစ်ရက်လျှင် ကလေးနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီး အယောက် ၅၀ ကိုသာ ကာကွယ်ဆေးထိုးပေးမည်

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ပြန့်ပွားနေသည့် ကာလဖြစ်သောကြောင့် လူစုလူဝေးမဖြစ်ပေါ်စေရန် အတွက် သက်ဆိုင်ရာဒေသန္တရဆေးခန်းများအလိုက် တစ်ရက်လျှင် ကလေးနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီး အယောက် ၅၀ ကိုသာ ကာကွယ်ဆေးထိုးပေးရန် သတ်မှတ်ထားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

By မျိုးသီရိကျော် 01 Dec 2020

မျိုးသီရိကျော် | DMG
ဒီဇင်ဘာ ၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ပြန့်ပွားနေသည့် ကာလဖြစ်သောကြောင့် လူစုလူဝေးမဖြစ်ပေါ်စေရန် အတွက် သက်ဆိုင်ရာဒေသန္တရဆေးခန်းများအလိုက် တစ်ရက်လျှင် ကလေးနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီး အယောက် ၅၀ ကိုသာ ကာကွယ်ဆေးထိုးပေးရန် သတ်မှတ်ထားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါပိုးကူးစက်မှု ပြန်လည်မြင့်တက်ခဲ့သောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မွေးကင်းစကလေးငယ်များနှင့် ၂ နှစ်အောက်ကလေးကိုများအား လစဉ်ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ခြင်း များကို ပြီးခဲ့သည့် စက်တင်ဘာလကုန်မှ စတင်ရပ်နားထားခဲ့သည်။

ယင်းနောက် နိုဝင်ဘာလ ပထမအပတ်မှစတင်ကာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ပြန်လည် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လူစုလူဝေးမဖြစ်ရအောင် လူ ၅၀ ပဲလာရမယ်။ ကြိုတင်စာရင်းပေးထားရမယ်ပေါ့။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကလည်း ကလေးတွေကောင်းကျိုးအတွက် လုပ်ဆောင်ပေးရတာလေ။ ဆိုတော့ ဆေးထိုးလာတဲ့အခါ နှာခေါင်းစည်း(Mask)တပ်လာရမယ်။ မျက်နှာအကာ (Face shield) တပ်လာရမယ်ပေါ့နော်။ ထိုးတဲ့နေ့ မှာတေ့ာ ကိုယ်ဝန်ဆောင်လည်းပါမယ်၊ ကလေးတွေလည်းပါတယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ရှင်းပြသည်။

လစဉ် ကာကွယ်ဆေးမထိုးရသည်မှာ ၃ လကျော်ကြာမြင့်ခဲ့ပြီး နိုဝင်ဘာလအတွင်းက တစ်ကြိမ်သာ ထိုးရသေးကြောင်း မြောက်ဦးမြို့နယ် ဥက္ကံကျေးရွာမှ ကလေးမိခင် ဒေါ်ယုယုဌေးက ပြောသည်။

“ကျမတို့ရွာမှာတော့ အကုန်လုံးတစ်ခါတည်းထိုးရတယ်။ အဲလိုမျိုးလူခွဲပြီးတော့ ထိုးရတာတော့မဟုတ်ပါဘူး။ ကျမတို့ရွာက လူအများကြီးတော့မရှိတော့ သိပ်ပြီးတော့အခက်အခဲတော့မရှိပါဘူး။ လစဉ်ထိုးပေးနေကျအတိုင်း ကလေးတွေကို ကာကွယ်ဆေးပုံမှန်ထိုးပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။

မွေးကင်းစ ကလေးငယ်များနှင့် ၂ နှစ်အောက်ကလေးများကို လစဉ် ပိုလီယိုကာကွယ်ဆေး(ထိုးဆေး၊ သောက်ဆေး)၊ မေးခိုင်ကာကွယ်ဆေး၊ ဝက်သက်/ဂျိုက်သိုး၊ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်ကာကွယ်ဆေး၊ ဦးနှောက်တီဘီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး စသည့်ဖြင့် ကာကွယ်ဆေး ၁၁ မျိုးကို ထိုးပေးနေခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်မူ လက်ရှိအချိန်ထိ ကာကွယ်ဆေးထိုးပေးရန် ရောက်ရှိလာခြင်းမရှိသေးကြောင်း စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။

“ကျနော်လည်း ကျန်းမာရေးလုပ်အားပေး (Volunteer) တစ်ယောက်ပါ။ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ကာကွယ်ဆေးထိုးပေးမယ်လို့ သိထားတယ်။ ဒါပေမဲ့ ခုချိန်ထိတော့ ဆေးထိုးဖို့မရောက်လာ သေးဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး စတင်ပြန့်ပွားခဲ့သည့် ဧပြီလအတွင်းကလည်း ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစကလေးငယ်များနှင့် ၂ နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံခြင်းကို တစ်လရပ်နားထားခဲ့သည်။

ဗီဒီယိုများ