စစ်တွေမြို့မှ Quarantine Centre များတွင် လိုအပ်ချက်များကို အစိုးရနှင့် အရပ်ဖက်အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်မည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အစိုးရမှစီစဉ်ပေးသည့် Quarantine Centre များနှင့် အရပ်ဖက်အဖွဲ့အစည်းမှ စီစဉ်ပေးသည့် Quarantine Centre များတွင် လိုအပ်ချက်များရှိပါက ဝိုင်းဝန်းကူညီလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

By မြတ်ဆွေ 26 Aug 2020

မြတ်ဆွေ | DMG
သြဂုတ် ၂၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အစိုးရမှစီစဉ်ပေးသည့် Quarantine Centre များနှင့် အရပ်ဖက်အဖွဲ့အစည်းမှ စီစဉ်ပေးသည့် Quarantine Centre များတွင် လိုအပ်ချက်များရှိပါက ဝိုင်းဝန်းကူညီလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့(သြဂုတ်လ ၂၆ ရက်နေ့)ကပြုလုပ်ခဲ့သော အစည်းအဝေးတွင် ယင်းသို့သဘောတူခဲ့ကြပြီး Quarantine Centre တစ်ခုချင်းစီ၏ အခြေအနေ၊ လိုအပ်ချက်၊ အခက်အခဲများကို ဆွေးနွေးခဲ့ကြကြောင်း ရခိုင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့မှ ကိုဇော်ဇော်ထွန်းက ဆိုသည်။

“ကျနော်တို့ဖက်ကလိုအပ်တဲ့အပိုင်းတွေကို အစိုးရဖက်ကနေပြီး ဝိုင်းဝန်းကူညီသွားဖို့။ အစိုးရမှဖက်က လိုအပ်တာတွေရှိရင်လည်း ကျနော်ဖက်ကဝိုင်းဝန်းကူညီသွားဖို့အတွက် မနေ့ကပြုလုပ်တဲ့ ခရိုင်အုပ်ချုပ်ရေး ဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်” ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။

စစ်တွေမြို့တွင် ပိုးတွေ့ရှိသူ တဖြည်းဖြည်းများလာသောကြောင့် Quarantine ထားမည့်နေရာမှာလည်း များပြား လာမည်ဖြစ်သည့်အတွက် Quarantine Centre (၁၂)နေရာထားရှိရန် လျာထားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းသို့ Quarantine Centre (၁၂)နေရာအထိ လျာထားသော်လည်း လက်ရှိအချိန်မှာ Quarantine Centre (၁၀)နေရာ၌သာ Quarantine ဝင်ရောက်နေသူများရှိကြောင်း သိရသည်။

ရခိုင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့မှ တာဝန်ယူထားသည့် စစ်တွေ တက္ကသိုလ်ကျောင်းဟောင်း Quarantine Centre တွင် ကုတင် ၁၀၀ အတွက်လုပ်ဆောင်သွားမည်ဖြစ်ကာ ကျန် Quarantine Centre များကို အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ယူလုပ်ဆောင်သွားမည် ဟုလည်း သိရသည်။

ထို့ပြင် အလှူရှင်များမှပူးပေါင်းဝိုင်းရံလာမည်ဆိုပါက အစိုးရ Quarantine Centre အသီးသီးတွင် လိုအပ်သော ပစ္စည်းများကို ဝိုင်းဝန်းကူညီသွားမည်ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။

“ကျနော်တို့က အစိုးရအဖွဲ့အစည်းကို စားရေးသောက်ရေးအပြင် (ဥပမာ)အမှိုက်ပုံးတွေကိုပေါ့။ အစိုးရ ဘတ်ဂျတ်နဲ့မလောက်ဘူးလား။ ကျနော်တို့မှာ အလှူငွေတွေပိုရှိနေလား၊ အဲလို ပိုပြီးရှိနေရင်ဖြန့်ဝေသွားမယ့် အစီအစဉ်တွေရှိတယ် ” ဟု ကိုဇော်ဇော်ထွန်းကပြောသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့မှစပြီး သြဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းအထိ COVID-19 ပိုးတွေ့ ရှိသူ စုစုပေါင်း ၁၇၄ ဦးရှိပြီး စစ်တွေမြို့နယ်မှာ ၁၁၁ ဦးဖြင့် ပိုးတွေ့လူနာအများဆုံးဖြစ်သည်။

ဗီဒီယိုများ