ကျောက်တော်မြို့နယ်မှ ကျေးရွာနှစ်ရွာ မီးရှို့ခံရ၊ ရွာသားများထွက်ပြေး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတွင် စက်တင်ဘာလ ၃ ရက် ညဉ့်(၉)နာရီခွဲအချိန်ခန့်ကစတင်ကာ ကျေးရွာရှိနေအိမ်များမီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။

By နှင်းနွယ် 04 Sep 2020

နှင်းနွယ် | DMG
စက်တင်ဘာ ၄ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတွင် စက်တင်ဘာလ ၃ ရက် ညဉ့်(၉)နာရီခွဲအချိန်ခန့်ကစတင်ကာ ကျေးရွာရှိနေအိမ်များမီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းတစ်ခုသည် ညနေ ၆ နာရီအချိန်က ဘုရားပေါင်း ကျေးရွာအလယ်ရှိ ကားလမ်း၌သွားနေစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လက်နက်ငယ်များဖြင့် မိနစ် အနည်းငယ်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ယင်းအနီးအနားမှ ဒေသခံများကပြောသည်။

ထို့နောက် ညဉ့် ၉ နာရီအချိန်ခန့်တွင် ဘုရားပေါင်းကျေးရွာမြောက်ဘက်ရှိ စေတီမှနေ၍ တပ်မတော်မှ လက်နက်ကြီးများဖြင့် ကျေးရွာဖက်သို့အဆက်မပြတ်ပစ်ခတ်ခဲ့ပြီးနောက် ခဏအကြာတွင် ကျေးရွာမီးလောင်ခြင်းဖြစ်ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦးက DMG သို့ ပြောသည်။

“လက်နက်ကြီးသံလည်းရပ်သွားတော့ ရွာကမီးထလောင်တော့တာပဲ။ ပထမတော့ ဘုရားပေါင်းကိုစလောင်တာ။ အဲဒီရွာကနေတဆင့် သူတို့ကတောင်ပေါက်ရွာဘက်ကို ဆင်းပြီးထပ်ရှို့တယ်။ ဘုရားပေါင်းရွာကတော့ ဘာမှ မကျန်တော့ဘူး။ တောင်ပေါက်ရွာကတော့ အခုထိလောင်နေဆဲ” ဟု ယင်းဒေသခံက ပြောသည်။

လက်ရှိတွင် ဘုရားပေါင်းကျေးရွာမှ လူလတ်ပိုင်းအရွယ်များမှာ ကြောက်လန့်ကာ ကစ ္ဆပနဒီမြစ် အရှေ့ဘက် ကမ်းသို့ကူးခတ်ကာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်သွားကြသော်လည်း သက်ကြီးပိုင်းအချို့မှာ ပြေးမရောက်ဘဲ ကျေးရွာအတွင်း၌ ပိတ်မိကျန်နေခဲ့ကြောင်းလည်း ထွက်ပြေးလွတ်မြောက်လာသူ မမြဦးက ပြောသည်။

“သူတို့(တပ်မတော်)က ရွာထဲဝင်လာပြီး ကျွန်မတို့ကိုပါခေါ်ပြီးစုထားတယ်။ ရွာထဲကလူတွေကိုလည်း ဖမ်းထားတယ်။ ခဏကြာတော့ ခင်ဗျားတို့ပြန်သွားတော့ဆိုပြီးလွှတ်တယ်။ ကျွန်မတို့အိမ်ရောက်တာနဲ့ သူတို့က ရွာကိုစပြီး မီးရှို့တော့တာပဲ။ ရွာကလူတွေလည်းထွက်ပြေးတော့ ကျွန်မတို့လည်းသူတို့နဲ့အတူ ပြေးလာရတာ။ ရွာမှာ ဘယ်သူတွေကျန်ခဲ့လဲတော့မသိဘူး။ သက်ကြီးပိုင်းတွေကတော့ ပြေးမရောက်ဘဲ ကျန်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ဘုရားပေါင်းကျေးရွာသည် ကျောက်တော်မြို့နှင့် ၃ မိုင်ခန့်သာကွာဝေးသဖြင့် ယင်းကျေးရွာမီးလောင် နေသည်ကို မြို့ပေါ်မှလှမ်းမြင်နေရကြောင်း ကျောက်တော်မြို့ဒေသခံ ကိုထွန်းခင်က ပြောသည်။

“ရွာမီးလောင်တာကို ကျွန်တော်တို့အိမ်ဝရံတာကနေ လှမ်းမြင်ရတယ်။ ဘာကြောင့်လောင်လဲ ဆိုတာတော့ ကျွန်တော်လည်းမသိဘူး။ အဲဒီရွာထဲကလူတွေကိုလည်း ဆက်သွယ်လို့မရတော့ဘူး။ ဖုန်းတွေအကုန် စက်ပိတ်ထားကြတယ် ” ဟု ၎င်းကပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်၏တုန့်ပြန်ချက်ကို မရရှိသေးပေ။ ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုများကြောင့် အရပ်သားများထိခိုက်မှုများလည်း ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည်။

ဗီဒီယိုများ