စစ်တွေတက္ကသိုလ်မှ ကျောင်းသားများကို ဖိအားပေးခြိမ်းခြောက်မှုများရှိလာပါက ကာကွယ်ပေးသွားမည်ဟုဆို

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်မှ ယခုတက်ရောက်နေသည့် ကျောင်းသားများကို ဖြစ်စေ၊ မတက်ရောက်သည့် ကျောင်းသားများကိုဖြစ်စေ မည်သည့်အဖွဲ့အစည်းကမဆို ဖိအားပေးခြိမ်းခြောက်လာပါက စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂအနေဖြင့် ကာကွယ်ပေးသွားမည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုတိုးတိုးအောင်က ပြောသည်။

08 May 2021

DMG ၊ မေ ၈

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်မှ ယခုတက်ရောက်နေသည့် ကျောင်းသားများကို ဖြစ်စေ၊ မတက်ရောက်သည့် ကျောင်းသားများကိုဖြစ်စေ မည်သည့်အဖွဲ့အစည်းကမဆို ဖိအားပေးခြိမ်းခြောက်လာပါက စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂအနေဖြင့် ကာကွယ်ပေးသွားမည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုတိုးတိုးအောင်က ပြောသည်။

လက်ရှိတွင် ဖိအားပေးခြိမ်းခြောက်လာသည့် အဖွဲ့အစည်းများ မရှိသေးသလို ဖိအားပေးခြိမ်းခြောက်လာပါကလည်း ဖိအားပေးလာသည့်သူများနှင့် ထိတ်တိုက်တွေ့သွားမည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌကိုတိုးတိုးအောင်က ပြောသည်။

“ကျောင်းသားထုကိုနေပြီးတော့ အန္တရာယ်ပြုဖို့အရာတွေနဲ့ပတ်သတ်ပြီးတော့ တက်တဲ့ကျောင်းသားတွေကိုပါ၊ မတက်တဲ့ကျောင်းသားတွေကိုပါ ဘယ်သူပဲဖြစ်ဖြစ် အန္တရာယ်ပေးလာရင် ကျနော်တို့အနေနဲ့က ကာကွယ်ပေးသွားမယ်။ ကျနော်တို့မှာ ဒီဟာနဲ့ပတ်သတ်ပြီး ဖြေရှင်းဖို့အဖြေတွေလည်း ရှိပြီးသားဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်သူတွေ ရှိလို့ရှိရင် ကျနော်တို့ ထိပ်တိုက်တွေ့သွားမယ်။ တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်အဝယူသွားမယ်”ဟု ကိုတိုးတိုးအောင်က ပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ်က ကျောင်းသားအများစုမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများရှိသလို  အင်တာနက် ပိတ်ပင်ထားမှုများရှိခဲ့သဖြင့် ကျောင်းသား၊ ကျောင်းသူအများစုမှာ ပညာရေးတွင် နှောင့်နှေးမှုများ ရှိခဲ့ကြသည်ဟု ကိုတိုးတိုးအောင်က ပြောသည်။

ကျောင်းသားများအနေဖြင့်လည်း ယခင်တုန်းကလို ကျောင်းသားအားလုံး မတက်ရောက်ကြဘဲ ကျောင်းမတက်သည့် သူများသာ များနေသည်ကိုတွေ့ရကြောင်း ကိုတိုးတိုးအောင်က ဆက်လက်ပြောသည်။

ယခုလက်ရှိ စစ်တွေတက္ကသိုလ်တွင် ကျောင်းတက်ရောက်ရမည့် နောက်ဆုံးနှစ်၊ ကျောင်းသားများနှင့် မဟာတန်းတက်ရောက်ရမည့် ကျောင်းသား၊ ကျောင်းသူ ၉၁၁ ယောက်ရှိသည့် အနက် ၅၆၇ ဦးမှာ တက်ရောက်လျက်ရှိပြီး၊ ၃၅၄ ဦးမှာ ကျောင်းရောက်လာနိုင်ခြင်းမရှိသေးကြောင်း စစ်တွေတက္ကသိုလ်မှ သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးက ပြောသည်။

“ ၆၀ ရာခိုင်နှုန်း ကျော်ကျော်တော့ ကျောင်းကို ရောက်နေပါပြီ။ နောက်အပတ် တနင်္လာနေ့လောက်ဆိုတော့ လူစုံလာနိုင်ပါတယ်။ စာသင်တာက ပုံမှန်ပါပဲ တချို့ကျောင်းသားများတဲ့ အတန်းဆိုလို့ရှိရင် ကျနော်တို့ အခန်းခွဲပြီး သင်ပါတယ်။ အခုက အခက်အခဲအမျိုးမျိုးရှိတာကို စီးပွားရေးတွေက အဆင်မပြေမှုတွေလည်း ရှိနိုင်တယ်။ တစ်ချို့ကလည်း ပုံမှန်ကျောင်းဖွင့်တယ်ထင်ပြီးတော့ မလာသေးတဲ့ သူတွေလည်း ရှိနိုင်တယ်။ ကျောင်းဖွင့်ပြီး အနည်းဆုံး တစ်ပတ်၊ နှစ်ပတ်လောက်မှာ ကျောင်းသားတွေ အများစုက မလာကြဘူး” ဟု ဦးကျော်နိုင်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင်ရှိသည့် တက္ကသိုလ်၊ ဒီကရီကော်လိမ်များမှာ ပြီးခဲ့သည့် မတ်လအတွင်းက ကိုဗစ်ကြောင့် ရပ်နားထားလိုက်ရပြီး၊ နိုင်ငံတော်ကော်စီမှ ကျောင်းဖွင့်လှစ်ရန် ညွှန်ကြားလာသဖြင့် ယခုလ မေလ ၅ ရက်နေ့က စတင်ကာ ကျောင်းများဖွင့်လှစ်နေခြင်းဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် ရှိသည့် တိုင်းနှင့်ပြည်နယ်အများစုတွင် နိုင်ငံတော်ကောင်စီမှ ဖွင့်လှစ်သည့် စစ်ကျွန်ပညာရေးစနစ်ကို မလိုလားသဖြင့် ကျောင်းသား၊ ကျောင်းသူအများစုမှာ ဆန္ဒထုတ်ဖော်လျက်ရှိနေကြသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် နိုင်ငံတော်ကောင်စီမှဖွင့်လှစ်သည့် ကျောင်းကို တက်ရောက်သူများရှိသဖြင့် ဝေဖန်ပြောဆိုမှုများလည်း ရှိနေကြသည်။

ယခုစစ်တွေတက္ကသိုလ်တွင် ကျောင်းပြန်လည် ဖွင့်လှစ်ခြင်းမှာ အတန်းအားလုံး ဖွင့်လှစ်ခြင်းမဟုတ်ပဲ၊ နောက်နှစ်ဆုံးနှစ်ကျောင်းသူ၊ ကျောင်းသားများနှင့် မဟာတန်းကျောင်းသားများသာ တက်ရောက်ရမည်ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသအတွင်းမှာ ရှိသည့် ရခိုင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်ကောင်စီမှဖွင့်လှစ်သည့် ကျောင်းများကို မတက်ရောက်ရန် ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) မှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ