ကိုဗစ်ကာလ ရခိုင်က စစ်ဘေးရှောင်မိသားစုတစ်စုလျှင် ငွေကျပ်လေးသောင်းစီ ထောက်ပံ့မည်

COVID -19 ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)ဖြင့် ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင် များနှင့် IDP Camp များတွင်နေထိုင်ကြသည့် မိသားစုတစ်ခုချင်းစီကို ငွေကျပ်လေးသောင်း ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးအရာရှိ ဦးရဲမင်းဦးကပြောသည်။

By မြတ်ဆွေ 08 Sep 2020



မြတ်ဆွေ | DMG
စက်တင်ဘာ ၈ ၊ စစ်တွေ

COVID -19 ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)ဖြင့် ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင် များနှင့် IDP Camp များတွင်နေထိုင်ကြသည့် မိသားစုတစ်ခုချင်းစီကို ငွေကျပ်လေးသောင်း ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးအရာရှိ ဦးရဲမင်းဦးကပြောသည်။

ယင်းသို့ထောက်ပံ့ရန်အတွက် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံခန့် အသုံးပြုသွားမည်ဟု ဦးရဲမင်းဦးကဆိုသည်။

စစ်တွေခရိုင်အတွင်း၌ ထောက်ပံ့ငွေများကို မကြာမီပေးအပ်သွားမည်ဖြစ်ကာ ထောက်ပံ့ငွေများအပြည့်အဝ ရရှိရေးအတွက် လူငယ်စေ့တနာဝန်ထမ်းများဖြင့် စောင့်ကြည့်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ငွေပေးတဲ့နေရာမှာ အလေအလွင့်တွေရှိတယ်။ မသာမှာမှုတွေရှိတယ်ပေါ့။ လေးသောင်းပေးလိုက်တယ်။ သုံးသောင်းပဲရတယ်၊ နှစ်သောင်းပဲရတယ်။ ရချင်မှလည်းရမယ် မသေချာဘူး။ နောက်ပြီးတော့ တိတိကျကျ မဖြစ်တာတွေဖြစ်နိုင်တယ်။ ဒီလိုအလေအလွင့်တွေ မသာမှုတွေများတဲ့အတွက်ကြောင့် ကျနော်တို့ အဲဒီလို့ မများ ရအောင်ဒီကိစ္စမှာတော့ စစ်တွေမြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို လူငယ်စေတနာဝန်ထမ်းတွေနဲ့ စောင့်ကြည့်ရေးစနစ်နဲ့လုပ်တာဖြစ်တယ်” ဟု ဦးရဲမင်းဦးက ဆိုသည်။

ထိုသို့ စောင့်ကြည့်မည့်လူငယ်များအား စစ်ဘေးရှောင်စခန်းတစ်ခုတွင် တစ်ယောက်ကျစီ ထားရှိသွားမည်ဟု ဦးရဲမင်းဦးက ပြောသည်။

“REC ရဲ့အကူအညီနဲ့ လူငယ်စေတနာဝန်ထမ်းတွေကိုစုစည်းရမိတယ်။ ဒီလူငယ်တွေကို ကျနော်တို့က ဆေးစစ်မှု ခံယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးရှောင်ဦးရေ ၂ သိန်းခန့်ရှိနေကာ လတ်တလော ကျောက်တော်မြို့နယ် အတွင်း လက်နက်ကြီးကျည်ကျရောက်မှုများ၊ နေအိမ်းမီးရှို့ခံရမှုများကြောင့် စစ်ဘေးဒုက္ခသည်များ ထပ်တိုး လာနေသည်။

အဆိုပါစစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲများစွာရှိနေကြပြီး လက်ရှိ COVID-19 ကပ်ရောဂါကြောင့် ပိုမိုအခက်အခဲဖြစ်နေကြရကြောင်းလည်း သိရသည်။

ဗီဒီယိုများ