ပလက်ဝတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် စစ်ဘေးရှောင်တစ်ဦး ဖမ်းဆီးခံရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် စစ်ဘေးရှောင်တစ်ဦးတို့ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရဲကဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။

29 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၉

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် စစ်ဘေးရှောင်တစ်ဦးတို့ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရဲကဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ မြို့မရပ်ကွက်တွင်နေထိုင်သူ ကျန်းမာရေးဝန်ထမ်း ဦးတင်ထွန်းအောင်(၃၇)နှစ်နှင့် ဝိသုဒါရုံစစ်ဘေးရှောင်စခန်းမှာ ဦးတင်ဦး(၃၅)နှစ်တို့ဖြစ်ကြသည်။

ဦးတင်ဦးကို ဒီဇင်ဘာ ၂၈ ရက်နေ့ ည ၇ နာရီကျော်ခန့်တွင် ရဲတပ်ဖွဲ့ဝင်လေးဦးက စစ်ဆေးရန်ခေါ်ဆောင်သွားကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးကပြောသည်။

“ရဲတပ်ဖွဲ့က အရေးကြီးကိစ္စရှိတယ်ဆိုပြီး သူ့ကိုခေါ်သွားတယ်။ ဘာဖြစ်လို့ခေါ်ဆောင်ဖမ်းဆီးခံရတယ်ဆိုတာလည်း ကျွန်တော်တို့မသိရသေးဘူး။ မိသားစုနဲ့လည်း အခုချိန်ထိတွေ့ခွင့်မရသေးဘူး”ဟု ၎င်းမိသားစုဝင်ကဆိုသည်။

ယင်းအပြင် ဓာတ်မှန်မှူးဖြစ်သည့် ဦးတင်ထွန်းအောင်မှာလည်း ဒီဇင်ဘာ ၂၈ ရက်နေ့ ည ၆ နာရီဝန်းကျင်ခန့်တွင် အလုပ်ကိစ္စဖြင့် နေအိမ်မှအပြင်ထွက်ချိန် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အစ်ကိုဖြစ်သူ ဦးမင်းအောင်ကပြောသည်။

“သူ့ကို ရဲတစ်ယောက်က ခေါ်သွားတယ်လို့သိရတယ်။ ဒီနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးမယ်ဆိုလို့ ရဲစခန်းသွားစောင့်တာ တွေ့ခွင့်တောင်မပေးဘူး”ဟု ၎င်းကဆိုသည်။

၎င်းတို့နှစ်ဦးဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ပလက်ဝမြို့မရဲစခန်းမှ တာဝန်ရှိသူများထံ DMG မှဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ဖမ်ဆီးခံရသူနှစ်ဦးမှာ စစ်ဘေးရှောင်စခန်းများအတွက်လိုအပ်သည်များကို ကူညီပံ့ပိုးမှုဆောင်ရွက်နေသည့် ပရဟိတလုပ်ငန်းကို လုပ်ကိုင်နေသူများလည်းဖြစ်သည်။

ဗီဒီယိုများ