လေးမြို့ခေတ် ရှားပါးပေစာကျမ်းတစ်စောင်ကို ပုံနှိပ်ထုတ်ဝေ

ရခိုင်သမိုင်းကြောင်းများကို လေးမြို့ခေတ်စာဆို ရဲစက်ကျော်သူ ရေးသားခဲ့သည့် ရခိုင်ရာဇဝင်ချုပ်သံပိုင်ကျမ်းပေစာအား ပုံနှိပ်ကာ စာအုပ်အဖြစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အုပ်ရေ ၁၀၀၀ ထုတ်ဝေဖြန့်ချိလိုက်ကြောင်း သတင်းရရှိသည်။

28 Feb 2022

DMG ၊ ဇန်နဝါရီ ၂၈

ရခိုင်သမိုင်းကြောင်းများကို လေးမြို့ခေတ်စာဆို ရဲစက်ကျော်သူ ရေးသားခဲ့သည့် ရခိုင်ရာဇဝင်ချုပ်သံပိုင်ကျမ်းပေစာအား ပုံနှိပ်ကာ စာအုပ်အဖြစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အုပ်ရေ ၁၀၀၀ ထုတ်ဝေဖြန့်ချိလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါစာအုပ်မှာ ပြီးခဲ့သည့် နှစ်ပေါင်း ၆၀၀ ခန့်က ပျောက်ကွယ်သွားမည့် ရခိုင်ပေစာမူတို့ကို ထိန်းသိမ်းဖော်ထုတ်ချင်သည့် ဆန္ဒဖြင့် သတ္တဝတီကဗျာပန်းခင်းအဖွဲ့မှ စီစဉ်ကာ ပေစာမူကို ပုံနှိပ်စာအဖြစ်ထုတ်ဝေလိုက်ရခြင်းဖြစ်ကြောင်း ပေစာကူးသူ ရက္ခသာဂီ ကျိန်းရိပ်မြီက DMG ကိုပြောသည်။

“ဒီကျမ်းက လေးမြို့ခေတ်ကရေးသားထားတာဖြစ်တယ်။ စာအုပ်အဖြစ်မရောက်နိုင်သေးတဲ့ ရှေးဟောင်းရာဇဝင်တွေ၊ ကျမ်းတွေ အများကြီးရှိတယ်။ ရှေးဟောင်းစာပေတွေကို ဖော်ထုတ်လိုက်ခြင်းအားဖြင့် စာအုပ်အဖြစ်မရောက်နိုင်သေးတဲ့ ကျမ်းစာတွေ အများကြီးထွက်လာမယ်လို့မျှော်လင့်တယ်”ဟု ရက္ခသာဂီ ကျန်းရိပ်မြီက ပြောသည်။

အဆိုပါပေမူစာအုပ်တွင် ကမ္ဘာဦးအစမှ ကမ္ဘာပျက်ခြင်းနှင့် ဒွါရာဝတီ၊ သံတွဲမြို့များအကြောင်းများမှစ၍ ဓညဝတီအကြောင်းဖြင့် အဆုံးသတ်ထားပြီး လေးမြို့ခေတ်ကျမ်းစာပေ အသုံးအနှုန်းများအားလည်းတွေ့ရကြောင်း သတ္တဝတီကဗျာပန်းခင်းအဖွဲ့မှ ကိုယ်တော်တစ်ပါးက DMG သို့ မိန့်ကြားသည်။

“ဒီစာအုပ်ထဲမှာ ရှေးခေတ်က စာပေအသုံးအနှုန်းတွေကို ထူးထူးခြားခြားတွေ့ရတာကြောင့် အဲခေတ်မှာတောင် ဒီလောက်အဆင့်အတန်းမီတဲ့ ပေကျမ်းတွေရေးနိုင်တဲ့ပုဂ္ဂိုလ်တွေကို ချီးကျူးမိတယ်။ ပေကျမ်းထဲမှာ ကမ္ဘာဦးအစကအကြောင်းနဲ့ စထားတယ်။ မြို့တည်တဲ့အခန်းတွေ၊ ရမ္မာဝတီ၊ ဒွါရာဝတီမြို့အကြောင်းတွေပါပြီး ဘီလူးတွေကိုစစ်အောင်ပြီး ဓညဝတီမြို့ကိုတည်တာနဲ့ အဆုံးသတ်ထားတယ်”ဟု ၎င်းကပြောသည်။

ထိုစာအုပ် မိတ်ဆက်ပွဲအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စစ်တွေမြို့ ဂြစ်ဘက်ကျောင်းတိုက်တွင်ပြုလုပ်ခဲ့ပြီး ရခိုင်သမိုင်းသုတေသီများဖြစ်သော ဦးအောင်လှသိန်း၊ ဆရာတော် ရမ္မာဝတီအရှင်ပညာစာရနှင့် စာရေးဆရာများ၊ ကဗျာဆရာများ၊ စာပေပညာရှင်များ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

ဗီဒီယိုများ