ရွေးကောက်ပွဲ မကျင်းပရသေးသည့် ရခိုင်မြို့နယ်အချို့တွင် ဒီဇင်ဘာ ၃၁ မတိုင်မီ ကျင်းပပေးရန် သမ္မတနှင့် တပ်မတော်တိုက်တွန်း

နယ်မြေဒေသ လုံခြုံရေးအရဆိုကာ တစ်နိုင်ငံလုံး ပါတီစုံအထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ်က မြို့နယ်အချို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်မတိုင်မီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ယနေ့ တိုက်တွန်းလိုက်သည်။

15 Dec 2020

ခင်သရဖီဦး | DMG
ဒီဇင်ဘာ ၁၅ ၊ စစ်တွေ

နယ်မြေဒေသ လုံခြုံရေးအရဆိုကာ တစ်နိုင်ငံလုံး ပါတီစုံအထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ်က မြို့နယ်အချို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်မတိုင်မီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ယနေ့ တိုက်တွန်းလိုက်သည်။

ယနေ့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် (၄၆) နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ရာတွင် ယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ မကျင်းပရသည့် ရခိုင်ဒေသအချို့တွင် ဒီဇင်ဘာ ၃၁ မတိုင်မီ ပြန်လည်ကျင်းပပေးရန် ရက္ခိုင့်တပ်တော် (AA) ၏ တောင်းဆိုချက်ကို တပ်မတော်မှ ကြိုဆိုကြောင်းနှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာတွင် ပြောထားသည်။

နိုင်ငံတော်သမ္မတကလည်း ရွေးကောက်ပွဲကျင်းပခွင့် မရရှိခဲ့သည့် ရခိုင်ပြည်နယ် မြို့နယ်အချို့အတွက် အထူးပင် စိတ်မကောင်းဖြစ်ရပြီး အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် သဝဏ်လွှာတွင် မေတ္တာရပ်ခံထားသည်။

လက်တွေ့တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး အစိုးရလုပ်ဆောင်မှုမရှိဟု ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌ ဦးသာထွန်းလှက ဆိုသည်။

“အစိုးရအနေနဲ့  ရွေးကောက်ပွဲကို လောလောဆယ် ဖြစ်အောင် ကြိုးစားအားထုတ်နေတဲ့ အခင်းအကျင်း မရှိဘူး လို့မြင်တယ်။ တစုံတစ်ရာ တာဝန်ရှိလို့သာ အဲဒီလို သဘောထားပေးတာဖြစ်တယ်။  လက်ရှိအခင်းအကျင်းအရ ကြည့်ရင်တော့ အစိုးရအနေနဲ့ ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပဖို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အခင်းအကျင်းကို မတွေ့ရတာကြောင့်ပေါ့”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ဆုံးဖြတ်ပါက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) အနေဖြင့် အဆင်သင့်ရှိကြောင်း ယင်းကော်မရှင်အတွင်းရေးမှူး ဦးသူရိန်ထွဋ်က DMG ကို ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးစေရေး ကိစ္စများအတွက် တပ်မတော်အနေဖြင့် တစ်ဖက်တစ်လမ်းမှ ကြိုးစားပုံဖော်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

တိုင်းရင်းသားများအခွင့်အရေးအတွက် လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆိုခြင်းသည် ဒေသခံပြည်သူများအား အထိခိုက်အနစ်နာဆုံးဖြစ်စေသည်ကို သက်ဆိုင်သူများအားလုံး သတိပြုသင့်ကြောင်း နိုင်ငံတော်သမ္မတက ရခိုင်ပြည်နေ့ ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားထားသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သာယာလှပသည့် ပြည်နယ်ဖြစ်လာစေရေးနှင့် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း သမ္မတက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဒေသတည်ငြိမ်မှုမရှိဟုဆိုကာ  ၂၀၂၀ အထွေထွေးရွေးကောက်ပွဲတွင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ် စသည့် မြို့နယ်(၉) ခု တွင် မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သလို စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ် (၄) မြို့နယ်တို့တွင်လည်း တစိတ်တပိုင်းသာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ