ပျောက်ဆုံးနေသည့် မြေပုံဒေသခံနှစ်ဦးကို သေဆုံးလျက်ပြန်တွေ့

၎င်းတို့နှစ်ဦးမှာ ကမ်းထောင်းကြီးမြို့ ရေထိုးတောင်အနီးသို့ စပါးသိမ်းရန်သွားရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကာ ယင်းနေရာအနီးတွင် တပ်မတော် တပ်မ(၆၆) ရှိနေသဖြင့် တပ်မတော်က ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များက ယူဆကြသည်။

By ဝင်းညွန့် 23 Dec 2019

ပျောက်ဆုံးနေသူ ဦးနီသန်း၏ လယ်ကွင်းနှင့် ပေ ၃၀၀ ခန့်အကွာတွင် ၎င်းတို့အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ (ဓာတ်ပုံ - Auong Won Myart / Facebook)

ဝင်းညွန့် | DMG
ဒီဇင်ဘာ ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့သူ နှစ်ဦးကို မနေ့က ဒီဇင်ဘာ ၂၂ ရက်နေ့လယ်ပိုင်းတွင် သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

၎င်းတို့နှစ်ဦးမှာ ဦးနီသန်း ၆၀ နှစ်နှင့် ဦးကင်းချေ ၄၀ နှစ်တို့ဖြစ်ကြပြီး ကမ်းထောင်းကြီးမြို့ ရေထိုးတောင်အနီးသို့ စပါးသိမ်းရန်သွားရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကာ ယင်းနေရာအနီးတွင် တပ်မတော် တပ်မ(၆၆) ရှိနေသဖြင့် တပ်မတော်က ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များက ယူဆကြသည်။

“အဲဒီနေ့က စပါးတင်ဖို့အတွက် သူ့ဇနီးကို ကားငှားဖို့ ညနေ့ ၄ နာရီလေက်မှာ ရွာကိုပို့လာတယ်။ ပြီးတော့ သူတို့လယ်ကွင်းကို ပြန်သွားတယ်။ အဲဒီနားမှာ တပ်မ ၆၆ နေခဲ့တယ်” ဟု ဦးနီသန်း၏ မိသားစုဝင် ကိုသောင်းလှရွှေက ပြောသည်။

ထိုသို့ ပျောက်ဆုံးသွားခဲ့သူနှစ်ဦး၏ အလောင်းကို ဦးနီသန်း၏လယ်ကွင်းနှင့် ပေ ၃၀၀ ခန့်အကွာတွင် တွေ့ရှိခဲ့ရပြီး အလောင်းများကို တွင်းတူးပြီးမြှပ်နှံထားခဲ့သည်ဟု ၎င်းကဆိုသည်။

“ကျနော ်တို့လည်း အဲဒီနားမှာ စစ်တပ်တွေရှိလို့ မသွားရဲဘူး။ မနေ့က စစ်တပ်တွေမရှိတော့မှ သွားကြည့်တဲ့အခါ အလောင်းနှစ်လောင်းကို တွင်းတစ်တွင်းထဲမှာ မြှုပ်လု့ိတွေ့ရတယ်။ သူလယ်ကွင်းနဲ့ဆို ပေ ၃၀၀ လောက်အကွာမှာ တွေ့ရပါတယ်” ဟု ကိုသောင်းလှရွှေက ပြောသည်။

သေဆုံးသူ ဦးနီသန်းတွင် ရင်ဘတ်လှီးဖြတ်ဒဏ်ရာနှင့် ဦးကင်းချေတွင် လည်ပင်းလှီးဖြတ်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ကျည်ဆံထိမှန်မှု၊ ပစ်ခတ်ခံရမှု၊ မိုင်းထိမှန်မှုတို့ကြောင့် အရပ်သား (၁၀၀)ခန့်သေဆုံးကာ ဒဏ်ရာရရှိသူ (၁၃၀)ခန့်ရှိသည်။

ဗီဒီယိုများ